မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံနှင့် ရှမ်းယူနိုက်တက်အသင်း အမှတ်ပြည့်ရယူ

ရန်ကုန်     ဩဂုတ်     ၅

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍  Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၈) နောက်ဆုံးနေ့ကို  သြဂုတ်   ၅  ရက်က  ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံအသင်းနှင့်   ရှမ်းယူနိုက်တက်အသင်းတို့ အမှတ်ပြည့်ရယူခဲ့သည်။

YUSC  ကွင်း၌  ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက မြဝတီအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့်  အနိုင်ရရှိသည်။  အား/ကာသိပ္ပံအသင်းသည် လင်းမြင့်မိုရ်၏  ဟက်ထရစ်ဖြင့် နိုင်ပွဲရခဲ့ပြီး ဇယားထိပ်ဆုံးတွင် သုံးမှတ်အသာဖြင့် ဆက်လက်ဦးဆောင်ကာ ရာသီဝက်ချန်ပီယံဖြစ်ရန် သေချာသလောက်ရှိသွားသည်။

မြဝတီအသင်း၏ ရုန်းကန်မှုကြောင့်  အား/ကာသိပ္ပံအသင်း  ဂိုးရရန် ရုန်းကန်ခဲ့ရသော်လည်း မိနစ်  ၇၀ နောက်ပိုင်းမှ ဂိုးများရခဲ့ခြင်းဖြစ်သည်။

အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို လင်းမြင့်မိုရ်က ၇၅၊ ၈၈၊ ၉၀+၃ မိနစ်တို့တွင် သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay  player of the Match ဆုကို ဟက်ထရစ်သွင်းယူခဲ့သည့် အား/ကာသိပ္ပံ တိုက်စစ်ကစားသမား လင်းမြင့်မိုရ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်ငါးသိန်း ရရှိသည်။

ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင်  ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရတနာပုံအသင်းကို အနိုင်ယူပြီး တတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ဂိုးများကို ရှစ်မိနစ်တွင် ယုယနိုင်၊ ၃၂  မိနစ်တွင် ဆောင်းနှင်းဖွေးတို့က သွင်းယူပြီး ရတနာပုံအသင်းအတွက်  ချေပဂိုးကို  ၆၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း သွင်းယူခဲ့သည်။ ယခုပွဲအတွက်  AYA Pay  player of the Match ဆုကို ရှမ်းယူနိုက်တက်အသင်းကစားသမား ဒါကိုက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ် (၈)အပြီးတွင် အား/ကာသိပ္ပံအသင်းက ၂၂ မှတ်ဖြင့် ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၁၉ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၆ မှတ်၊ သစ္စာအားမာန်အသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းက ၁၁ မှတ်၊ မြဝတီ၊ Young Lionesses နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ ရှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ကိုညီလေး

ဓာတ်ပုံ-ညီညီမင်း