မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း နိုင်ပွဲရယူပြီး ထိပ်ဆုံးတွင် အမှတ်ဖြတ် ဦးဆောင်

ရန်ကုန်   ဇူလိုင်  ၂၉

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏   အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇) နောက်ဆုံးနေ့ကို ဇူလိုင် ၂၉ ရက်က ဆက်လက်ကျင်းပရာ  အား/ကာသိပ္ပံအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဂိုးပြတ် အနိုင်ရခဲ့သည်။

ပဒုမ္မာကွင်း၌  ကျင်းပသည့်ပွဲတွင်  အား/ကာသိပ္ပံအသင်းက ရန်ကုန်စီးတီးအသင်းကို ရှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။ အား/ကာသိပ္ပံအသင်းသည် အဆင့်(၂)နေရာမှ (၅)နေရာအထိ ရပ်တည်နေသည့်  အသင်းများ နိုင်ပွဲပျောက်ဆုံးမှုကို အခွင့်ကောင်းယူကာ ဇယားအောက်ဆုံးမှ ရန်ကုန်စီးတီးအသင်းကို ဂိုးပြတ်သွင်းယူပြီး အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် အနိုင်ဂိုးများကို ၃ မိနစ်၊ ၇၈ မိနစ်တွင် ဟေမာန်စိုး၊ ခုနစ်မိနစ်တွင် ဆုပြည့်ပြည့် ကျော်၊ ၃၈ မိနစ်တွင် မီမီဇင်၊ မိနစ် ၇၀ တွင် သင်ဇာချို၊ ၇၁ မိနစ်တွင် ငြိမ်းငြိမ်းဖြိုးနှင့် ၉၀ မိနစ်၊ ၉၀+၂ မိနစ်တွင် လင်းမြင့်မိုရ်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို အား/ကာသိပ္ပံအသင်းမှ လင်းမြင့်မိုရ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ ကျင်းပသည့်ပွဲတွင်  သစ္စာအားမာန်အသင်းက  မြဝတီအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ အမှတ်ပေးဇယား အပေါ်၊ အောက် ရပ်တည်နေသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး သစ္စာအားမာန်အသင်းက နိုင်ပွဲရယူကာ အဆင့်(၃)နေရာအတွက် ဖိအားပေး နိုင်ခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် ဂိုးများကို ၃၂ မိနစ်တွင် မြတ်နိုးခင်၊  ၃၇ မိနစ်တွင် ယွန်းဝတီနှင့် မိနစ် ၅၀ တွင် ခင်စန်းလွင်တို့က သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို သစ္စာအားမာန်အသင်းမှ  ဇင်မာထွေးက ရရှိပြီး  အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ်(၇)အပြီးတွင်  အား/ကာသိပ္ပံအသင်းက ၁၉ မှတ်ဖြင့် ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၁၆ မှတ်၊  ရှမ်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းက ၁၁ မှတ်၊  သစ္စာအားမာန်အသင်းက ၁၀ မှတ်၊ မြဝတီ၊  Young Lionesses နှင့်  ဇွဲကပင် ယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ ခုနစ်ပွဲစလုံး ရှုံးပြီး အမှတ်မရသေးပေ။              

သတင်း-ကိုညီလေး

ဓာတ်ပုံ-ညီမင်း