ရန်ကုန် ဩဂုတ် ၅
မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၈) လက်ကျန်ပွဲစဉ်များကို ယနေ့ ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ အနိုင်ရရှိခဲ့သည်။
YUSC ကွင်း၌ယှဉ်ပြိုင်ကစားခဲ့သည့် ISPE နှင့် မြဝတီအသင်းပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးမရှိသရေကျခဲ့ သော်လည်း ဒုတိယပိုင်းပွဲချိန်များတွင် ISPE အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ISPE အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၇၅ မိနစ်၊ ၈၈ မိနစ်နှင့် နာကျင်အချိန်ပို (၉၀+၃) မိနစ်တို့တွင် ကျောနံပါတ် ၁၇ လင်းမြင့်မိုရ်က ဆက်တိုက်သွင်းယူပေးခဲ့ပြီး ဟက်ထရစ်ဂိုးများဖြင့် အသင်းအတွက် နိုင်ပွဲရယူပေးခဲ့သည်။
လက်ရှိ အမှတ်ပေးဇယားအဆင့်(၁)နေရာ၌ ရပ်တည်နေ့သည့် ISPE အသင်းသည် ယခုရာသီ၏ အကောင်းဆုံးနှင့် ခြေစွမ်းအတည်ငြိမ်ဆုံး အသင်းတစ်သင်းဖြစ်သလို ယနေ့ပွဲစဉ်အပါအဝင် ရှစ်ပွဲ ကစားပြီးချိန်တွင် ရှုံးပွဲမရှိသေးဘဲ အကောင်းဆုံးပုံစံဖြင့် ဦးဆောင်နေသည့်အသင်းဖြစ်သည်။
အဆင့်(၇)နေရာမှ မြဝတီအသင်းသည် ရလဒ်ပိုင်းမတည်ငြိမ်သေးဘဲ ရုန်းကန်နေရသလို ယနေ့ပွဲစဉ်တွင် ISPE အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် အမှတ်ပေးဇယားအောက်ဘက်သို့ ထပ်မံကျဆင်းခဲ့သည်။
ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲစတင်ပြီး ၈ မိနစ်မှာပင် ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ယုယနိုင် က သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၃၂ မိနစ်တွင် ဆောင်းနှင်းဖွေး က ဒုတိယအနိုင်ဂိုးကို ထပ်မံရယူပေးခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်တွင် ရတနာပုံအသင်း ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း က ချေပဂိုးအဖြစ် ပြန်လည်သွင်းယူပေးခဲ့သော်လည်း ပွဲပြီးဆုံးချိန်အထိ ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲစဉ်(၈)အပြီးတွင် ISPE အသင်းက ၂၂ မှတ်၊ ဧရာဝတီအသင်းက ၁၉ မှတ်၊ ရှမ်းယူနိုက်အသင်းက ၁၇ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၆ မှတ်၊ သစ္စာအားမာန်အသင်းက ၁၃ မှတ်နှင့် ရတနာပုံအသင်းက ၁၁ မှတ်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်များတွင် ISPE အသင်းမှ ကျောနံပါတ် ၁၇ လင်းမြင့်မိုရ်နှင့် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် ၄ ထရီဆာ ဒါကို က AYA PAY Player Of The Match ဆုကို ရရှိခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-MWL


