မြန်မာအမျိုးသမီးအသင်းနှင့် တရုတ်လိဂ်ချန်ပီယံအသင်း ခြေစမ်း

၁၀  နိုဝင်ဘာ

 

ဆီးဂိမ်းပြိုင်ပွဲအကြို တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တရုတ်အမျိုးသမီးလိဂ် ချန်ပီယံကျန်းဆုဆန်နင်းအသင်းတို့ ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ  ကျန်းဆုဆန်နင်းအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခရီးစဉ် ပထမပွဲအဖြစ် လိဂ်ချန်ပီယံအသင်းနှင့် ကစားခြင်းဖြစ်ပြီး ပထမပိုင်းတွင် ပေးလိုက်ရသည့်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် အမာခံ ကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး တရုတ်ကလပ်အသင်းတွင်လည်း တရုတ်လက်ရွေးစင်များအပြင် နိုင်ငံခြားသားကစားသမားများလည်း ပါဝင်ကစားခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် တစ်ကျော့ပြန်လက်ရွေးစင်ကစားသမား ဂိုးသမား မြဖူးငုံကို ပွဲထွက်အသုံးပြုခဲ့ပြီး ခင်သန်းဝေ၊ အိရတနာဖြိုး၊ ခိုင်သဇင်၊ ချစ်ချစ်၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ ရီရီဦး၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး စန်းသော်သော်၊ ဂျူလိုင်ကျော်၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနုနှင့် ဖြူဖြူဝင်းတို့ကို လဲလှယ်ကစားခဲ့သည်။ ပထမပိုင်းတွင် ကျန်းစုဆန်နင်းအသင်းက ကစားပုံပိုကောင်းခဲ့ပြီး ဒုတိယပိုင်းတွင် မြနါမာအသင်းက ပိုဖိကစားနိုင်ခဲ့သော်လည်း ၂၆ မိနစ်တွင် ချန်ဝင်ဂါ သွင်းယူသည့်ဂိုးဖြင့်  ကျန်းဆုဆန်နင်းအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် နိုဝင်ဘာ၁၂ ရက်တွင် တရုတ်လူငယ် လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ - MFF