မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းဖွဲ့စည်းရန် လူရွေးပွဲနောက်ဆုံးနေ့ကျင်းပ

ရန်ကုန်    ဇူလိုင်   ၂၉

နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင် အသင်းဖွဲ့စည်းရန် လူရွေးပွဲနောက်ဆုံးနေ့ကို ဇူလိုင် ၂၈ ရက် ညနေပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။

နောက်ဆုံးနေ့တွင် မြန်မာ ယူ-၁၉ အသင်းက MNL U-20 All Star အသင်းကို သုံးဂိုး-ဂိုးမရှိ၊ Falcon အသင်းက U-18 State & Regional All Star အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လူရွေးပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ပြီး ဇူလိုင် ၂၀ ရက်က ကျင်းပသည့် ပထမနေ့တွင် မြန်မာ ယူ-၁၉ အသင်းက  U-18 State & Regional All Star အသင်းကို ငါးဂိုး-ဂိုးမရှိ၊  MNL U-20 All Star အသင်းက  Falcon အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဇူလိုင် ၂၇ ရက်က ကျင်းပသည့် ဒုတိယနေ့တွင် မြန်မာ ယူ-၁၉ အသင်းက Falcon အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊  MNL U-20 All Star အသင်းက  U-18 State & Regional All Star အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ လူရွေးပွဲအပြီးတွင် မြန်မာ ယူ-၁၉ အသင်းက သုံးပွဲစလုံးအနိုင်ရရှိကာ ကိုးမှတ်ရရှိပြီး  MNL U-20 All Star အသင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံး ခြောက်မှတ်၊ Falcon အသင်းက တစ်ပွဲနိုင် နှစ်ပွဲရှုံး သုံးမှတ် ရရှိပြီး  U-18 State & Regional All Star အသင်းမှာမူ သုံးပွဲစလုံး အရေးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းကို ဂျပန်နည်းပြ ယူဂျီက ကိုင်တွယ်နေပြီး စက်တင်ဘာလကုန်ပိုင်းတွင် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။              

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF