မြန်မာ ယူ-၁၉ အသင်း ပြန်လည်လေ့ကျင့်ပါက ကစားသမားသစ်များ အင်အားဖြည့်တင်းမည်

ရန်ကုန် ၂၆ မတ်

 

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် စခန်းဝင်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ပါက ကစားသမားသစ်များ ထပ်မံအင်အားဖြည့်တင်းမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ရွေးချယ်ထားသည့် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် Junior Lions အသင်းအမည်ဖြင့် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းပွဲအားလုံးကို မတ် ၂၄ ရက်မှစ၍ ရပ်နားထားရာ မြန်မာ ယူ-၁၉ အသင်းမှာလည်း လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြည်တွင်းပြိုင်ပွဲ ပြန်လည်စတင်မည့်အပေါ် မူတည်၍ ပြန်လည်လေ့ကျင့်မည်ဖြစ်ပြီး ကစားသမားသစ်အချို့ အင်အားဖြည့်တင်းရန် စီစဉ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းသည် MNL-2 ပထမအကျော့ပွဲစဉ်များကို ကစားသမား ၂၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကစားသမားများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ကစားသမားသစ်အချို့ အင်အားဖြည့်တင်းကာ အပြောင်းအလဲပြုလုပ်မည် ဖြစ်သည်။  မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းသည် MNL-2 ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိနေပြီး ပထမအကျော့အပြီးတွင် ရမှတ် ၁၈ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကာ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် အဓိကပြင်ဆင်နေသော်လည်း ပြိုင်ပွဲရွှေ့ဆိုင်းသွားသောကြောင့် ပြင်ဆင်မည့်အစီအစဉ်များ ပြောင်းလဲရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဖေဖော်ဝါရီလက ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်