မြန်မာ ယူ-၁၉ အသင်း နောက်ဆုံးပွဲတွင် ဂိုးပြတ်နိုင်ပြီး တောင်ကိုရီးယားအသင်း ခြေစစ်ပွဲအောင်

၁၀  နိုဝင်ဘာ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ အိမ်ရှင်မြန်မာနှင့် တောင်ကိုရီးယားအသင်း နိုင်ပွဲရရှိခဲ့သည်။

 

အိမ်ရှင်မြန်မာအသင်းသည် စင်ကာပူအသင်းကို ရှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်မရှိသော်လည်း ဂုဏ်သိက္ခာပိုင်းအတွက် အကောင်းဆုံးကြိုးစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာသွင်းနိုင်သော်လည်း ဒုတိယပိုင်းတွင် ခုနစ်ဂိုးအထိ သွင်းယူနိုင်ခဲ့သောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။

 

မြန်မာအသင်းသည် နောက်ဆုံးပွဲတွင်လည်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး စင်ကာပူအသင်းကလည်း ရလဒ်ကောင်းရရန် အားထည့်ကစားခဲ့သည်။ ပထမပိုင်းခြေစွမ်းအရ နှစ်သင်းစလုံး ကွာခြားမှုမရှိဘဲ ၁၇ မိနစ်တွင် စောကျော်အဲသွင်းယူသည့် တစ်ဂိုးသာရခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို စောကျော်အဲက စင်ကာပူဂိုးသမားကိုလိမ်ပြီး ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် စင်ကာပူအသင်း ကစားအားကျလာသလို မြန်မာအသင်းကလည်း ဂိုးထပ်ရရန် တိုက်စစ်အားမြင့်လာခဲ့သည်။ ၄၉၊ ၆၉  မိနစ်တွင် မြန်မာအသင်း ဂိုးများထပ်မံသွင်းယူနိုင်ခဲ့ပြီး စောကျော်အဲက သွင်းယူကာ ဟက်ထရစ်ရခဲ့သည်။ သုံးဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ပွဲကိုစိုးမိုးသွားပြီး အနိုင်ဂိုးလေးဂိုးထပ်မံရရှိခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၇၁ မိနစ်တွင် နောင်နောင်စိုး၊ ၇၆ မိနစ်တွင် ဟိန်းထက်အောင်၊ ၈၀၊ ၈၅ မိနစ်တွင် ဇော်ဝင်းသိန်းတို့က သွင်းယူခဲ့သည်။

 

ခြေစစ်ပွဲအောင်မြင်ရေးအဆုံးအြဖတ်ပွဲတွင် တောင်ကိုရီးယားအသင်းက တရုတ်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ခြေစစ်ပွဲအောင်ခဲ့သည်။ အုပ်စု (I) ပွဲစဉ်များအပြီးတွင် တောင်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် ပထမရကာ ခြေစစ်ပွဲအောင်ခဲ့ပြီး တရုတ်အသင်းက ခြောက်မှတ်၊ မြန်မာအသင်းက သုံးမှတ်ဖြင့်ရကာ စင်ကာပူအသင်းမှာမူ သုံးပွဲစလုံးရှုံးပြီး အမှတ်မရခဲ့ပေ။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်