မြန်မာ ယူ-၁၇ အသင်း ဂျပန် ယူ-၁၇ အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်   စက်တင်ဘာ   ၁၇

ဂျပန်နိုင်ငံ နီဂါတာမြို့၌ ကျင်းပလျက်ရှိသည့် (၂၈)ကြိမ်မြောက် နိုင်ငံတကာ လူငယ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာယူ-၁၇ အမျိုးသားလက်ရွေးစင်အသင်းသည် ယနေ့တွင် အိမ်ရှင် ဂျပန် ယူ-၁၇ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဂျပန် ယူ-၁၇ အသင်းသည် ပွဲချိန် ၁၀ မိနစ်၊ ၁၃ မိနစ်၊ ၃၈ မိနစ်နှင့် ၅၆ မိနစ်တို့တွင် ဦးဆောင်ဂိုးများ ဆက်တိုက်သွင်းယူကာ လေးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး မြန်မာအသင်းအနေဖြင့် ပွဲချိန်မိနစ် ၇၀ နှင့် ၇၉ မိနစ်တို့တွင် ချေပဂိုး နှစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ပွဲပြီးချိန်တွင် လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာ ယူ-၁၇ အသင်းသည် ယနေ့ပွဲစဉ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန် ယူ-၁၇ အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း တန်ပြန်တိုက်စစ်များမှတစ်ဆင့် ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူကာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည်။

မြန်မာ ယူ-၁၇ အသင်းသည် စက်တင်ဘာ ၁၉ ရက်တွင် နယူးဇီလန် ယူ-၁၇ အသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် နီဂါတာ ယူ-၁၇ အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။           

နေမျိုး၊ ဓာတ်ပုံ-AFF