မြန်မာ ယူ-၁၅ အသင်း အပြီးသတ်ကစားသမားရွေးချယ်

ရန်ကုန်     အောက်တိုဘာ    ၂၀

အဇာဘိုင်ဂျန်နိုင်ငံ၌ကျင်းပမည့် ၂၀၂၆ ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အသင်းသည် အပြီးသတ်ကစားသမားများ ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးက တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး ဂိုးသမား-Shichyang Bawn Hkaw၊ လရောင်လင်း၊   နောက်တန်း-သူရမောင်၊ ရှိုင်းဝင်းထွဋ်၊ နေယံထွဋ်၊ ဝေယံဦး၊ မြင့်မြတ်သူ၊  အလယ်တန်း-သီဟလင်းသစ်၊ စိုင်းခမ်းစိုး၊  ကောင်းသူရ၊  အောင်လ၊  စိုင်းနော်မိန်း၊  ရှေ့တန်း-ဂျော်ဘီလေး၊ ဘုန်းမြင့်မြတ်တို့  ပါဝင်ကြသည်။  ဘောလုံးပွဲတော်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ကစားသမား ၁၄ ဦးသာ ရွေးချယ်ခွင့်ပြုထားသည်။

ယှဉ်ပြိုင်ကစားရမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ယင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖီဖာအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ဂါနာ၊ ဘာဟားမားစ်၊ ဂူအမ်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး  အုပ်စုပွဲများကို အချို့ရက်များတွင် တစ်နေ့တည်း နှစ်ပွဲကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ဂူအမ်အသင်း၊ အောက်တိုဘာ ၂၅ ရက် တွင် ဂါနာအသင်း၊ ဘာဟားမားစ်အသင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ကာဇက်စတန်အသင်း၊ ဥဇဘက်ကစ္စတန် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF