MNL ယူ-၂၀ လူငယ်လိဂ် ပထမအကျော့ နောက်ဆုံးပွဲတွင် ရန်ကုန်စီးတီးအသင်း ဂိုးပြတ်အနိုင်ရ

နေပြည်တော်     ဩဂုတ်     ၁၆

MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲကို ယနေ့တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပရာ ရန်ကုန်စီးတီးအသင်းက မြဝတီအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။

ရန်ကုန်စီးတီးအသင်းသည် ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ပထမအကျော့နောက်ဆုံးပွဲကို အနိုင်ဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ဇယားအောက်ပိုင်းမှ မြဝတီအသင်းမှာမူ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ပထမပိုင်းပြီးခါနီးတွင် မြဝတီအသင်းမှ ချစ်ဖူး ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ရန်ကုန်စီးတီးအသင်း  ဦးဆောင်ဂိုးရခဲ့ပြီး နောက်ထပ်အနိုင်ဂိုးများကို ပွဲပြီးခါနီးတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်စီးတီးအသင်းအတွက် အနိုင်ဂိုးများကို ၈၁ မိနစ်တွင် အောင်ပြည့်ဖြိုး၊ ၉၀ မိနစ်တွင် ကျော်မင်းမောင်တို့က သွင်းယူခဲ့သည်။

ပထမအကျော့အပြီးတွင် အား/ကာသိပ္ပံအသင်းက ၃၂ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး ဒဂုံစတားယူနိုက်တက်အသင်းက ၂၈ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၂၇ မှတ်၊ သစ္စာအားမာန်အသင်းက ၂၄ မှတ်၊ Falcon အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က ၂၂ မှတ်စီ၊ ရတနာပုံအသင်းက ၂၁ မှတ်၊ Galaxy အသင်းက ၁၉ မှတ်၊ ရန်ကုန်စီးတီးအသင်းက ၁၈ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ၁၄ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၃ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၁၁ မှတ်၊ မြဝတီအသင်းက ခြောက်မှတ်၊ Chinland အသင်းက တစ်မှတ်ရရှိထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL