MNL ယူ-၂၀ လူငယ်လိဂ် ပြန်ကန်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန်   ဩဂုတ်   ၅

MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၀ မှ ရပ်နားခဲ့ရသည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် Galaxy အသင်းတို့၏ လက်ကျန်မိနစ် ပြန်ကစားသည့်ပွဲကို သြဂုတ် ၅ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပရာ ဒဂုံစတားယူနိုက်တက်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲမှာ ဇူလိုင် ၂၅ ရက်က ကစားခြင်းဖြစ်သော်လည်း ဒဂုံစတားယူနိုက်တက်အသင်းက ဒုတိယဂိုးသွင်းယူပြီးနောက် ဂိုးတိုင်ပျက်စီးသွားသဖြင့် ပွဲရပ်နားခဲ့ရပြီး လက်ကျန်မိနစ် ၇၆ မိနစ်ကို ပြန်ကစားခြင်းဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၂ မိနစ်တွင် ထွန်းလင်းအောင်၊ ၁၄ မိနစ်တွင် အောင်ခန့်ကျော်၊ ၁၈၊ ၅၂ မိနစ်တို့တွင် မင်းမင်းခန့်တို့က သွင်းယူပြီး Galaxy အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၆ မိနစ်တွင် ကောင်းခန့်လင်းက သွင်းယူသည်။

MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) အပြီးတွင် အား/ကာ သိပ္ပံအသင်းက ၂၆ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၂၄ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်း က ၂၂ မှတ်၊ သစ္စာအားမာန်အသင်းက ၂၁ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၉ မှတ်၊ Galaxy အသင်းနှင့် Falcon အသင်းက ၁၆ မှတ်စီ၊ ရတနာပုံအသင်းနှင့် ရန်ကုန်စီးတီးအသင်းက ၁၅ မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၃ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းက ၁၁ မှတ်စီ၊ မြဝတီအသင်းက ခြောက်မှတ်၊ Chinland အသင်းက တစ်မှတ်ရရှိထားသည်။       

သတင်း-မောင်စံကြီး

ဓာတ်ပုံ-MNL