MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် နောက်ကျဂိုးဖြင့် အနိုင်ရ

၁၆ ဖေဖော်ဝါရီ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း နောက်ကျဂိုးဖြင့် နိုင်ပွဲဆက်ခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယား အဆင့် (၄) နေရာအထိ တက်လှမ်းနိုင်ခဲ့သော်လည်း ဇွဲကပင်ကို အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး ယနေ့ကစားပုံမှာ အကောင်းဆုံးအနေအထားမရှိသေးသလို ဒဏ်ရာရနေသည့် အဓိကတိုက်စစ်မှူး ကိသ်မာတူနာမပါနိုင်သည့် တိုက်စစ်ကလည်း သိသိသာသာအားပျော့ခဲ့သည်။ ဇွဲကပင်အသင်းမှာမူ ရာသီအစ ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး တန်းဆင်းဇုန်ထဲ ဆက်လက်ရပ်တည်နေသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့သလို ကိသ်မာတူနာမပါနိုင်သည့် အထောင်တိုက်စစ်မှူးနေရာတွင် ဇင်မင်းထွန်းကို အသုံးပြုခဲ့သည်။ ဇွဲကပင်အသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး ပထမပိုင်းတွင် ခံစစ်ဖြင့်သာ အချိန်ကုန်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဖိကစားနိုင် သော်လည်း တိုက်စစ်ကစားပုံမှာ အားရစရာမရှိဘဲ အထောင်တိုက်စစ်မှူး ဇင်မင်ထွန်းနှင့် ကွင်းလယ်ကစားသမားများ ချိတ်ဆက်ရာတွင် အားနည်းခဲ့သလို ကွင်းလယ်ကစားသမားများ၏ တိုက်စစ်အားဖြည့်ရာတွင်လည်း လိုအပ်ချက်များရှိနေသောကြောင့် ဂိုးသွင်းခွင့်ရရန် ရုန်းကန်ခဲ့ရသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သော်လည်း ဂိုးသွင်းခွင့်ရရန် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးအချိန်ထိ ခက်ခက်ခဲခဲကစားခဲ့ရသည်။ ဇွဲကပင်အသင်းကလည်း သရေတစ်မှတ်ရရန် ဦးတည်ကစားသောကြောင့် ရှမ်းယူနိုက်တက်အသင်း တိုက်စစ်ဆင်နိုင်သော်လည်း ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ဘဲ ၈၉ မိနစ်မှ ကွင်းလယ်ကစားသမား မက်ဆီမင်က ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ကာ အနိုင်ဂိုးရခဲ့သည်။

 

‌ေ

 

မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက အား/ကာသိပ္ပံအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ စစ်ကိုင်းအသင်းသည် ဂိုးပြတ်အနိုင်ရလဒ်ဖြင့် နိုင်ပွဲဆက်ခဲ့သည်။ တန်းတက်အား/ကာသိပ္ပံအသင်းသည် MNL အသင်းကြီးများကိုပင် အများဆုံးနှစ်ဂိုးသာ ပေးခဲ့ရသော်လည်း ယခုပွဲတွင် အမှားများခဲ့သောကြောင့် ဂိုးဒါဇင်ဝက်အထိ ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက Southern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ 

ပွဲစဉ် (၆) အပြီးတွင် ဟံသာဝတီအသင်းက ၁၈ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ၁၆ မှတ်စီ၊ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ၁၂ မှတ်၊ ရခိုင်အသင်းက ၁၁ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ မကွေးအသင်းက ခြောက်မှတ်၊ ရတနာပုံအသင်းက ငါးမှတ်၊ ချင်းယူနိုက်တက်အသင်းက လေးမှတ်၊ အား/ကာသိပ္ပံအသင်းက သုံးမှတ်၊ ဇွဲကပင်အသင်းက တစ်မှတ်ရထားပြီး Southern အသင်းမှာမူ ခြောက်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်