MNL ပြိုင်ပွဲတွင် ဟံသာဝတီအသင်း ခြောက်ပွဲဆက်အနိုင်ဖြင့် ဆက်လက်ဦးဆောင်

၁၅ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဟံသာဝတီအသင်းက ခြောက်ပွဲဆက်အနိုင်ရပြီး ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

 

ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရတနာပုံအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းရော ရလဒ်ပါကောင်းမွန်နေသည့် ဟံသာဝတီအသင်းသည် ချန်ပီယံဆု လေးကြိမ်ရဖူးသည့် ချန်ပီယံဟောင်း ရတနာပုံအသင်းကို ဂိုးပြတ်သွင်းယူကာ ရာနူန်းပြည့်နိုင်ပွဲရယူပြီး ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ယခုရာသီတွင် ပွဲတိုင်းအနိုင်ရထားသည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပြီး ရတနာပုံအသင်းကို လေးဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဂိုးများပြန်ပေးခဲ့ရပြီး ရှုံးပွဲဆက်ခဲ့ခြင်းဖြစ်သည်။

 

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစပိုင်းတွင် ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့သည်။ ၁၅ မိနစ်တွင် ရတနာပုံအသင်း ဦးဆောင်ဂိုးရခဲ့ပြီး အောင်သူ ဖန်တီးပေးသည့်ဘောလုံးကို လှိုင်းဘိုဘိုက ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရသောကြောင့် ဟံသာဝတီအသင်း ချေပဂိုးရရန် တိုက်စစ်မြင့်လာသလို ဒိုနယ်နှင့် အီမီကာတို့၏ တိုက်စစ်အတွဲကို ရတနာပုံနောက်တန်း ကြာရှည်တောင်ခံနိုင်ခြင်းမရှိဘဲ ပထမပိုင်း ပြီးခါနီးမှာပင် ဂိုးပြန်ပေးလိုက်ရသည်။ ဟံသာဝတီအသင်းအတွက် ချေပဂိုးကို ၄၅ မိနစ်တွင် တိုက်စစ်မှူး ဒိုနယ်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်မူ ဟံသာဝတီအသင်းက ပွဲကိုထိန်းချုပ်ခဲ့ပြီး ၅၇ မိနစ်တွင် ဒိုနယ်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရတနာပုံအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း ဟံသာဝတီအသင်းက ထိန်းချုပ်နိုင်ခဲ့ပြီး မိနစ် ၈၀ နောက်ပိုင်းတွင် ဂိုးများထပ်မံသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၈၃ မိနစ်တွင် အီမီကာနှင့် ၉၀+၃ မိနစ်တွင် ဟိန်းထက်အောင်တို့က သွင်းယူခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ချင်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ယခုရာသီ ပထမဆုံးအဝေးကွင်းပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲအစ လေးမိနစ်တွင် သန်းထက်အောင်က သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းနှင့် မကွေးအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရခိုင်အသင်းသည် နှစ်ပွဲဆက်သရေကျခဲ့ပြီး မကွေးအသင်းမှာမူ နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သည်။ ၂၇ မိနစ်တွင် အလက်ဇန္ဒားက ရခိုင်အသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း ၇၁ မိနစ်တွင် သိန်းဇော်က မကွေးအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။

 

ပွဲစဉ် (၆) ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၆ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မန္တလာသီရိကွင်း၌ အားကာသိပ္ပံအသင်းနှင့် စစ်ကိုင်းအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ကိုဇေ