MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများကျင်းပရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေ

၁ ဇူလိုင်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် MNL အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ကျင်းပရန် လျာထားပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခွင့်ရရန် သက်ဆိုင်ရာထံ တင်ပြထားသော်လည်း ဇူလိုင် ၁ ရက်အထိ ခွင့်ပြုချက်မရသေးခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြိုင်ပွဲများအား သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ပြိုင်ပွဲစတင်ပါက အသင်းများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကစားမည့်ကွင်းများအား ပိုးသတ်ဆေးဖြန်းခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

 

"မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွေဟာ လူပေါင်းထောင်သောင်းချည်ပြီး ဆက်နွယ်ပတ်သတ်နေတဲ့ အမျိုးသားအားကစားဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်နေလို့ စတင်နိုင်တဲ့အချိန်မှာ အစောဆုံး မဖြစ်မနေ ပြန်လည်စတင် ကျင်းပနိုင်ဖို့အရေးကြီးပါတယ်။ ပြောရရင် ဘောလုံးအားကစားဟာ အားလုံးအတွက်ရော နိုင်ငံတော်အတွက်ပါ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အပိုင်းက နိုင်ငံတော်အစိုးရကို ခွင့်ပြုချက်ရရှိဖို့ ပြီးခဲ့တဲ့ တစ်လနီးပါးလောက်ကတည်းက တင်ပြစာ ကြိုတင်တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက အသေးစိတ်အစီအစဉ်တွေကို ပြန်လည်မေးမြန်းလာတဲ့အတိုင်း ဘောလုံးပွဲတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံတကာမှာ လက်တလော ကျင့်သုံးဆောင်ရွက်နေကြတဲ့ အစီအမံတွေအတိုင်း ပရိသတ်မပါပဲ ကွင်းပိတ်ကစားဖို့ အပါအဝင် ဘောလုံးပွဲတွေကြောင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိရအောင် ဘယ်လို စနစ်တကျ စီမံဆောင်ရွက်သွားမလဲဆိုတာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတစ်ဆင့် အသေးစိတ်ထပ်မံတင်ပြထားပြီးဖြစ်လို့  ဒီရက်ပိုင်း အစိုးရခွင့်ပြုချက်ရလာ မလားဆိုတာကို စောင့်ကြည့်ပါမယ်။ နောက်ထပ်ရက်အတော်ကြာထိ ခွင့်ပြုချက်ကျမလာရင်တော့ ပွဲစဉ်ဇယားအပြောင်းအလဲလုပ်ဖို့ကို ကလပ်အသင်းတွေအားလုံးနဲ့ရော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာနနဲ့ပါ ဆွေးနွေးတိုင်ပင်ပြီး အဆင်ပြေဆုံးဖြစ်မယ့် ပွဲစဉ်ဇယားတစ်ခုကို ပြန်လည်ရေးဆွဲထုတ်ပြန်ပေးပါမယ်။ နိုင်ငံတော်အစိုးရက ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ရေရှည်လုံခြုံစိတ်ချ ကောင်းမွန်ရေးအတွက် ကောင်းမွန်တဲ့အစီအမံတွေနဲ့ စနစ်တကျစီမံဆောင်ရွက်နေတာကို နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဘောလုံးအပါအဝင် လုပ်ငန်းအားလုံးနီးပါ ရပ်ထားရတာ သုံးလေးလကျော်လာတော့ အားလုံးက အခက်အခဲတွေ အများကြီးရှိနေကြပါတယ်။ အလွှာစုံအခက်အခဲတွေ့နေကြတာပါ။ ဒါကြောင့် စတင်နိုင်တဲ့ လုပ်ငန်းတွေကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လူအင်အားအနည်းဆုံးနဲ့ ပြန်လည်စတင်ဖို့ စဉ်းစားခွင့်ပြုပေးဖို့လိုမယ်လို့ အားလုံးကိုယ်စား ထင်မြင်မျှော်လင့်မိပါတယ်။ တကယ်လို့ ကျွန်တော်တို့ဘောလုံးပွဲတွေကို မျှော်မှန်းပြင်ဆင်ထားတဲ့အတိုင်း ကျင်းပခွင့်မရသေးဘူးဆိုရင်တော့ ပွဲစဉ်ဇယားတွေကို လိုအပ်သလိုပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ MNL Operation အပိုင်းအနေနဲ့တော့ ပွဲစဉ်ဇယားကို ကွင်းတွေလက်ခံနိုင်မှု၊ ကလပ်အသင်းတွေအနေနဲ့ အခက်အခဲသိပ်မရှိနိုင်အောင်နဲ့ လက်ရွေးစင်အသင်း လေ့ကျင့်မှုအတွက်လည်း အများကြီးထိခိုက်မှုမရှိအောင် အပါအဝင် ပရိသတ်ကို ပေ့ချ်တွေ၊ တီဗီချန်နယ်တွေကနေတစ်ဆင့် Live ပြသပေးနိူင်အောင် သေချာချိန်ထိုး သုံးသပ်ဆွေးနွေးအတည်ပြုပြီး Draft Fixture (B & C) အထိ အကြမ်းဖျဉ်း လျာထားရေးဆွဲထားပြီးပါပြီ၊ ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ လိုအပ်လာတဲ့အချိန်ကျရင် အသင်းတွေအားလုံးကို ချပြမှာပါ၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇူလှိုင်(၁၆)ရက်မှာ ပြန်လည်စတင်ဖို့ ဆုံးဖြတ်ရေးဆွဲထားတဲ့ ပွဲစဉ်ဇယားတွေက လက်ရှိအနေအထားအရ အားလုံးအတွက် အဆင်ပြေဆုံးဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့လည်း လိုအပ်တဲ့လမ်းညွှန်မှုတွေ (လိုအပ်ရင်) ထပ်တိုးချမှတ်ပေးပြီး ကျွန်တော်တို့တင်ပြထားတဲ့ရက်အတိုင်း (အားလုံးအတွက် အလွန်အရေးကြီးတဲ့) ဘောလုံးပွဲတွေကို ပြန်လည်စတင်ခွင့်ပြုပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ခွင့်ပြုချက်စာကိုလည်း အမြန်ဆုံး ပြန်ချပေးနိုင်ဖို့ အားလုံးကိုယ်စား လေးလေးနက်နက် ထပ်မံတင်ပြတောင်းဆိုချင်ပါတယ်" ဟု MNL CEO ဦးစိုးမိုးကျော်က ပြောသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကလပ်အသင်းများနှင့် ညိနှိုင်းအစည်းအဝေးပြုလုပ်ပြီးနောက်  ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၆ ရက်၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၅ ရက်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်

 

mdn