MNL ပြိုင်ပွဲ စတင်နိုင်ရန် ကလပ်အသင်းများ Camp Quarantine စတင်နေထိုင်

၉ ဩဂုတ်

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ စတင်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး MNL ကလပ်အသင်းများ မှာလည်း Camp Quarantine စတင်နေထိုင်လျက်ရှိသည်။

 

မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီ လက်ကျန်ပွဲယှဉ်ပြိုင်ရမည့် ကလပ်အသင်း ၁၀ သင်းအား Camp Quarantine ပုံစံနေထိုင်စေခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းမှလွဲ၍ ကျန်ရှစ်သင်းမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လက်ရွေးစင်ကစားသမားများ နားနေဆောင်တွင် သြဂုတ် ၉ ရက် ညနေပိုင်းမှစ၍ နေထိုင်လျက်ရှိသည်။ ရန်ကုန်အသင်းသည် လှိုင်မြို့နယ်ရှိ YUSC ကွင်း၌ အဆောင်ရှိသောကြောင့် ယင်းအဆောင်တွင်သာ နေထိုင်မည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တည်ထောင်ထားသောကြောင့် ၎င်းတို့၏ အဆောင်တွင်သာ နေထိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အဆောင်တွင်နေထိုင်မည့် ကလပ်အသင်း ရှစ်သင်းသည် မြန်မာနေရှင်နယ်လိဂ်က စီစဉ်ပေးသည့် လေ့ကျင့်ရေးကွင်းငါးကွင်းတွင် လေ့ကျင့်မည် ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ အချက် ၄၅ ချက်အတိုင်း နေထိုင်ရမည်ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သြဂုတ် ၁၀ ရက်တွင် အသင်းများ၏ အဆောင်များအား လိုက်လံစစ်ဆေးမည်ဖြစ်ပြီး ရောဂါပိုးစစ်ဆေးပြီးသည့် ရန်ကုန်အသင်းမှလွဲ၍ ကျန်ကိုးသင်းအား ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ Swab Test များ ရယူကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီ MNL ပြိုင်ပွဲကို မတ် ၂၄ ရက်တွင် စတင်ရပ်နားခဲ့ရပြီး ရောဂါပိုးရှိ မရှိနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက ယခုလအတွင်း ပြန်လည်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ