MNL ကလပ်အသင်းများနှင့် ဒိုင်လူကြီးများတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိ

ရန်ကုန် ၁၂ သြဂုတ်

 

 

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှ အုပ်ချုပ်မှုအဖွဲ့၊ နည်းပြများနှင့် ကစားသမားများ၊ ပြည်တွင်းဘောလုံးပွဲများတွင် တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီးများအား သြဂုတ် ၁၀၊ ၁၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးခဲ့ရာ အားလုံးရောဂါပိုးကင်းစင်ခဲ့သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုးစစ်ဆေးပြီးသည့် ရန်ကုန်အသင်းမှလွဲ၍ ကျန်ကိုးသင်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၁၀ ရက်တွင် ရှမ်းယူနိုက်တက်၊ ရတနာပုံ၊ ရခိုင်၊ မကွေးနှင့် Southern အသင်း၊ သြဂုတ် ၁၁ ရက်တွင် ဟံသာဝတီ၊ ဧရာဝတီ၊ အား/ကာသိပ္ပံနှင့် စစ်ကိုင်းအသင်းတို့အား စစ်ဆေးခဲ့သလို ပြည်တွင်းပွဲများတွင် တာဝန်ယူမည့် ဒိုင်လူကြီးများအပါအဝင် စုစုပေါင်းအင်အား ၃၀၀ ကျော်အား စစ်ဆေးခဲ့ရာ အားလုံးရောဂါပိုးကင်းစင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းပြိုင်ပွဲများကျင်းပခွင့်ရရန် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားသလို ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာတွင်လည်းပိုးရှိသူ မတွေ့ရှိရသောကြောင့် MNL ပြိုင်ပွဲ ပြန်လည်ကျင်းပခွင့်ရရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

 

ကလပ်အသင်းအားလုံးမှာလည်း ရောဂါကူးစက်မှုမရှိစေရန် ပြိုင်ပွဲအပြီးထိ Camp Quarantine နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးထားသည့် လေ့ကျင့်ရေးကွင်းများတွင် လေ့ကျင့်လျက်ရှိသည်။

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို မတ် ၂၄ ရက်တွင် ရပ်နားခဲ့ပြီး ရာသီအစတွင် ပြိုင်ပွဲဝင် ၁၂ သင်းရှိသော်လည်း ကိုဗစ်ကြောင့် ရပ်နားသည့်ကာလတွင် ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်ခဲ့သောကြောင့် ၁၀ သင်းသာကျန်ရှိတော့ခြင်းဖြစ်သည်။ ပြိုင်ပွဲခေတ္တရပ်နားချိန်တွင် ဟံသာဝတီအသင်းက ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ MNL ပြိုင်ပွဲ လက်ကျန်ပွဲများကို သြဂုတ် ၂၂ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ညီမြတ်သော်တာ