MNL ကလပ်အသင်းများ၏ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ Swab Test ရယူစစ်ဆေး

ရန်ကုန် ၁၀ သြဂုတ်

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ Swab Test ရယူစစ်ဆေးခဲ့သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကလပ်အသင်းအားလုံးကို Camp Quarantine နေထိုင်စေလျက်ရှိပြီး သြဂုတ် ၁၀ ရက်တွင် ရောဂါပိုးရှိ မရှိ စတင်စစ်ဆေးနေခြင်းဖြစ်သည်။ သြဂုတ် ၁၀ ရက်တွင် ရှမ်းယူနိုက်တက်၊ ရခိုင်၊ Southern၊ မကွေးနှင့် ရတနာပုံအသင်းတို့အား Swab Test များရယူခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် ကျန်ရှိသည့်အသင်းများကို ထပ်မံစစ်ဆေးမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနက် ရန်ကုန်အသင်းသာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးထားပြီး ကျန်ကိုးသင်းကို စစ်ဆေးနေခြင်းဖြစ်သည်။ ကလပ်အသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးခြင်းများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်က အကုန်အကျခံကာ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများသည် Camp Quarantine နေထိုင်နေသည့် ကလပ်အသင်းများကို လာရောက်စစ်ဆေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်အတိုင်း နေထိုင်ခြင်းရှိ မရှိ၊ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ကလပ်အသင်း အားလုံးမှ အုပ်ချုပ်/နည်းပြများနှင့် ကစားသမားများအားလုံး၏ ရောဂါပိုးစစ်ဆေးမှုရလဒ်၊ အဆောင်များတွင် ပြင်ဆင်ဆောင်ရွက်ထားမှုများအပေါ် မူတည်၍ ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့် ရ မရ ဆက်လက်တင်ပြဆုံးဖြတ်မည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MNL