MNL ကလပ်အသင်းလေးသင်းနှင့် ဒိုင်လူကြီးများကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခဲ့ပြီး စုစုပေါင်းအင်အား ၃၀၀ ကျော် စစ်ဆေးခဲ့

ရန်ကုန် ၁၁ သြဂုတ်

 

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိပြီး သြဂုတ် ၁၁ ရက်တွင် ကျန်ရှိသည့် MNL ကလပ်အသင်းလေးသင်းနှင့် ဒိုင်လူကြီးများကို စစ်ဆေးခဲ့သည်။

 

သြဂုတ် ၁၀ ရက်တွင် ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ မကွေး၊ ရခိုင်နှင့် Southern အသင်းတို့ စစ်ဆေးပြီးဖြစ်သောကြောင့် ကျန်ရှိသည့် ဟံသာဝတီ၊ ဧရာဝတီ၊ အား/ကာသိပ္ပံနှင့် စစ်ကိုင်းအသင်းတို့မှ အုပ်ချုပ်/နည်းပြများနှင့် ကစားသမားများ၊ MNL ပွဲစဉ်များတွင် တာဝန်ယူမည့် ဒိုင်လူကြီးများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ကိုယ်ပိုင်အစီအစဉ်ဖြင့် စစ်ဆေးပြီးဖြစ်သောကြောင့် ကျန်ရှိသည့် ကိုးသင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်က အကုန်အကျခံကာ စစ်ဆေးပေးခြင်းဖြစ်သည်။ နှစ်ရက်ကြာစစ်ဆေးမှုတွင် ကလပ်အသင်းကိုးသင်းနှင့် ဒိုင်လူကြီးစုစုပေါင်း အင်အား ၃၀၀ ကျော်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် ဇွန်လကတည်းက ကြိုးပမ်းခဲ့ပြီး ဇူလိုင်လလယ်တွင် ကျင်းပခွင့်ရရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိစစ်ဆေးခြင်း၊ ကလပ်အသင်းအားလုံး Camp Quarantine နေထိုင်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်သည် သက်ဆိုင်ရာမှ ပြိုင်ပွဲကျင်းပခွင့်ရပါက ပွဲစဉ်များ ထုတ်ပြန်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ -MNL