MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ စတင်ကျင်းပ

၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ကို ဇန်နဝါရီ ၂၃၊ ၂၄ ရက်က  စတင် ကျင်းပရာ Chinland၊ မြဝတီ၊ Junior Lions နှင့် တက္ကသိုလ်အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။


ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက ကချင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊  Chinland အသင်းက မောရဝတီအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  MNL မှ တန်းပြန်ဆင်းလာရသည့် Chinland အသင်းသည် အဖွင့်ပွဲတွင် အနိုင်ရသော်လည်း မောရဝတီအသင်း၏ ရုန်းကန်မှုကြောင့် အားကုန်ထုတ်ကစားခဲ့ရသည်။

 

မောရဝတီအသင်းသည် ဦးဆောင်ဂိုးများ နှစ်ကြိမ်တိုင်ရသော်လည်း အနိုင်ရလဒ်ကို မထိန်းထားနိုင်သော ကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ Chinland အသင်းအတွက် ဂိုးများကို ၂၈ မိနစ်တွင် ဒေးဗစ်ရွယ် ဖယ်လာ၊ ၆၉ မိနစ်တွင် ဘာဘာကျူဒီနှင့် ၇၃ မိနစ်တွင် မန်ထိပ်ပေါင်တို့က သွင်းယူခဲ့သည်။

 

မောရဝတီအသင်းအတွက် ဂိုးများကို ကျော်ဇေယျတစ်ဦးတည်းက ၂၇၊ ၅၁ မိနစ်တွင် သွင်းယူခဲ့သည်။၂၀၁၉ ရာသီတွင် တတိယရခဲ့သည့် မြဝတီအသင်းသည် အဖွင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးများကို ၁၁ မိနစ်တွင် ကောင်းစည်သူနှင့် ၇၁ မိနစ်တွင် သန့်ဇင်အောင်တို့က သွင်းယူခဲ့သည်။

                      

ဇန်နဝါရီ ၂၄ ရက်က ကျင်းပသည့်ပွဲများတွင် Junior Lions အသင်းက ငွေကြယ်ပွင့်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ တက္ကသိုလ်အသင်းက ယောမြေအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

 မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းသည် အဖွင့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ပြီး ၃၁ မိနစ်တွင် ဇော်ဝင်းသိန်းက အနိုင်ဂိုးသွင်းယူခဲ့သည်။ အသင်းသစ် ယောမြေအသင်းမှာမူ အဖွင့်ပွဲတွင် ထူးထူးခြားခြား လုပ်မပြနိုင်ဘဲ တက္ကသိုလ်အသင်းက ဂိုးပြတ်အနိုင်ရခဲ့သည်။ တက္ကသိုလ်အသင်းအတွက် အနိုင်ဂိုးများကို ကောင်းသက်နိုင်က ၁၀၊ ၂၃၊ ၄၇ မိနစ်တွင် ဟက်ထရစ်သွင်းယူကာ ကျန်တစ်ဂိုးကို ၅၃ မိနစ်တွင် ခိုင်ရဲဝင်းက သွင်းယူခဲ့သည်။



MNL-2 (ပထမတန်း) ပြိုင်ပွဲကို အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း