မွန်ဟင်းလျာ သစ်တိုသီးငါးပိချက်

၂၈ ဇွန်

 

အချဉ်သီးများကို ငါးပိချက်ချက်ရာ၌ သရက်သီး၊ မရမ်းသီး များကို အသိများကြသော်လည်း သစ်တိုသီး ငါးပိချက်ကိုမူ သိရှိသူနည်းကြလိမ့်မည် ထင်ပါသည်။ ထားဝယ်ဒေသ၌ သစ်တိုသီးကို ငါးစင်ရိုင်းနှင့်ချက်သည့် ဒေသဟင်းလျာကဲ့သို့ မွန်ပြည်နယ်၌ သစ်တိုသီးကို ဝက်သားနှင့်ချက်ကြသလို အသားနှင့်မရောဘဲ သူ့ချည်းသက်သက်လည်း ငပိချက် ချက်ကြသေးသည်။

 

သစ်တိုသီး၏အချဉ်အရသာ၌ အဖန်ဓာတ်စွက်နေ သည့်အတွက် အချဉ်မစူးပါ။ ထို့ကြောင့် သစ်တိုသီး၌ အခြားအချဉ်သီးနှင့်မတူသည့် ကွဲပြားသောအချဉ်အရသာ ရှိလေသည်။ မွန်ပြည်နယ်၌ သစ်တိုသီးကို သရက်သီး၊ မရမ်းသီးများကဲ့သို့ အချဉ်စိမ်ပြီး အတို့အမြှုပ်အဖြစ်လည်း စားကြပါသေးသည်။ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ များ၌ သစ်တိုသီးကို အခွံခွာဓားမွှန်းပြီး ငရုတ်သီးမှုန့်လူးကာ အချဉ်ပေါင်းအဖြစ်ရောင်းကြသည်ကို တွေ့ဖူးသည်။

 

သစ်တိုသီးကို ငါးပိချက် ချက်မည်ဆိုပါက အပေါ်ယံ အခွံပါးကိုနွှာပြီး အတွင်းရှိအမြွှာများကို ထုတ်ပစ်ပါ။ ထို့နောက် အခွံသားကိုစိတ်ပိုင်းကာ ဆုံ၌ညက်ညက်ထောင်း ပါ။ ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်ပါသည်။ ပြီးက မျှင်ငါးပိ ကို ရေဖျော်ပြီး ငရုတ်သီးစိမ်းတောင့်များကို ထက်ခြမ်းခြမ်း ထားပါ။

 

အားလုံးအသင့်ဖြစ်က ဆီအိုး၌ ငရုတ်၊ ကြက်သွန်၊ ဖြူ၊ နီ ထောင်းပြီးသားအရောကို ဆီသတ်ပါ။ အနှစ်များ ရွှေရောင်သန်းလာပါက သစ်တိုသီးထောင်းထည့်ပြီး အနှံ့ မွှေကာ မျှင်ငါးပိအရေဖျော်ကို လောင်းထည့်ကာ အဖုံးအုပ် ချက်ပါ။ ဟင်းအိုးဆီပြန်လာပါက အဖုံးဖွင့် အချို၊အငန်မြည်း ကာ ပုစွန်ခြောက်မှုန့်များထည့်၍ သစ်တိုသီးများ နူးအိနေ အောင် ချက်ပါ။ ဟင်းဆီပြန်လာပါက ထက်ခြမ်းခြမ်း ထားသော ငရုတ်သီးစိမ်းများ အုပ်ကာ အနှံ့မွှေပြီး ဖိုမှချပြီး သုံးဆောင်ပါလေ။ ထူးခြားသော အချဉ်အရသာစပ်သည့် သစ်တိုသီးငပိချက်က မြည်းစမ်းသူတိုင်းခံတွင်းတွေ့ကာ နှလုံးမွေ့သွားကြမည်မှာ သေချာပါသည်။

 

စံလွင်(ငါးဦးစီး)