မွန်ဟင်းလျာ .. ပိန္နဲစေ့ငါးခြောက်ချက်

စံလွင်(ငါးဦးစီး)

 

ပိန္နဲစေ့ကို အခြားအရပ်ဒေသများ၌ နူးအောင်ပြုတ်ကာ သရေစာဖြင့် စားသုံးကြသော်လည်း မွန်ပြည်နယ်ဖက်တွင်မူ ဟင်းလျာအဖြစ် အထူးတလည် ချက်ပြုတ်စား သုံးကြပါသည်။ ပိန္နဲစေ့ကို ခရမ်းသီး၊ ရုံးပတီသီး၊ ခရမ်းချဉ်သီးတို့နှင့် ရောနှော၍ သီးစုံဟင်းချက်သလို အမဲသား၊ ဝက်သားကဲ့သို့ အသားများနှင့်ရောနှော၍လည်း ဆီပြန်ဟင်း ချက်ကြပါသည်။ ပိန္နဲစေ့၏ အရသာသည် ဆိမ့်ချိုဖြစ်သောကြောင့် ဟင်းလျာများ၌လည်း ထည့်သွင်းချက်ပြုတ်သည့်အခါ ဟင်းအရသာကို ထူးစေပါသည်။

 

မွန်ပြည်နယ်၏ ရေမြေသဘာဝ၌ ပိန္နဲပင်များ ဖြစ်ထွန်းရာ ပိန္နဲသီးအမွှာ၏ အပျော့၊ အမာအနေအထား ကိုလိုက်၍ အိမ်ပျော့၊ အိမ်မာစသည်ဖြင့် ပိန္နဲပင်အမျိုး အစားများရှိပါသည်။ ၎င်းအပြင် ပိန္နဲသီးနှင့်ဆင်တူသော စုံပတတ်သီးပင်များလည်း တွေ့ရှိရပါသည်။ ပိန္နဲစေ့ကို ဟင်းလျာအဖြစ်သုံးစွဲရာ၌ အိမ်ပျော့သီးဖြစ်စေ၊ အိမ်မာသီးဖြစ်စေ သုံးကြပါသည်။ ပိန္နဲအိမ်ပျော့ကိုမူကား သီးနှံအဖြစ် စားသုံးရန် အကြိုက်နည်းကြရာ အိမ်ပျော့အသားကို မီးနှင့်ကြို၍ ပိန္နဲပြင်လုပ်ကာ စားသောက်ကုန်အဖြစ် ထုတ်လုပ်ကြပါသည်။ သဘာဝအသီးအနှံ အားလုံးသည် ဆေးဖက်ဝင်ကြသည်ဖြစ်ရာ ပိန္နဲစေ့၏ ဂုဏ်ကို ဥတုဘောဇနဆေးကျမ်း၌ ပိန္နဲစေ့သည် ဆိမ့်၏။ ကြေခဲ၏။ ဝမ်းချုပ်၏၊ ဆီးရွှင်၏။ သုတ်ကိုပွားစေတတ်၏ ဟူ၍ဖော်ပြထားပါသည်။

 

ပိန္နဲစေ့ကို ငါးခြောက်ဖြင့်ရော၍ မွန်ဟင်းချက်မည် ဆိုပါကပိန္နဲစေ့၊ ငါးခြောက် (ကကူရံ၊ ငါးကွမ်းရှပ်၊ ငါးယောင် ကဲ့သို့ ရေငန်ငါးခြောက်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်၊ ခရမ်းချဉ်သီး၊ နံနံပင် (သို့) ရှမ်းနံနံ တို့ လိုအပ်ပါသည်။ ဟင်းချက်တော့မည်ဆိုပါက ပိန္နဲသီး ကို ဆားထည့်၍ နူးအောင်ပြုတ်ကာ အပြင်အခွံမာသင်၍ ထပ်ခြမ်းခြမ်းပါ။ ငရုတ်၊ ကြက်သွန်နီ အသင့်ထောင်းထာ ပါ။ ငါးခြောက်များကို အနေတော်တုံးကာ ရေဆေးပြီး စစ်ထားပါ။ ခရမ်းချဉ်သီးစိတ်ကာ၊ နံနံပင်သင်၊ ငရုတ်သီးစိမ်းထောင့် ထပ်ခြမ်းခွဲထားပါ။

 

အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးတွင်ထည့်၍ နှံ့အောင်ရောနှယ်ကာ ဆီလောင်း၊ ဆား၊ ငံပြာရည် သင့်ရုံခပ်ကာ ဖို၌တည်ပါ။ ဟင်းအိုးဆီပြန်လာပါက လုံးရေ အနည်းငယ်ထည့်ကာ နူးအောင်ချက်ပါ။ ဆီပြန်ရေကျန်လေးတွင် နံနံပင်၊ ငရုတ်ခွဲခြမ်းအုပ်ကာ ဖိုမှချပြီး ပူပူနွေးနွေး သုံးဆောင်ပါ။ အရသာထူးသော မွန်ဟင်းလျာ ပိန္နဲစေ့ငါးခြောက်ချက်ကို အားလုံးနှစ်သက်ကြပါလိမ့်မည်။