မင်းကင်း စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အံ့စရာကျေးရွာ လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့တွင် သွားရောက်စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေပြည်သာအောင်ကုမ္ပဏီတာဝန်ခံက မြေနေရာရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်းပစ္စည်း ရောက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့က လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အံ့စရာကျေးရွာ၌ အရှည်ပေ ၂၅၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မဒု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၄၆ ဒသမ ၁၀ သန်းဖြင့် ရွှေပြည်သာအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးကျော်(ပုံတောင်မြေ)


