အူလန်ဘာတာ စက်တင်ဘာ ၂၁
မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတာတွင် ဝက်ဝံတစ်ကောင် လွတ်မြောက်နေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာန၏ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဗာရန်ဇက်ခရိုင်ရှိ ရုက္ခဗေဒဥယျာဉ်အနီးတွင် ဝက်ဝံတစ်ကောင်တွေ့ရှိရကြောင်း ကင်မရာမှ စစ်ဆေးတွေ့ရှိခဲ့ရသည်။ ၎င်းဝက်ဝံအား ဒရုန်းများနှင့် အခြားကိရိယာများ အသုံးပြု၍ ရှာဖွေနေကြောင်းနှင့် ဒေသခံများကိုလည်း ဝက်ဝံတိုက်ခိုက်မည့်အန္တရာယ်မှ သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့သည်။ ပြီးခဲ့သည့်လများအတွင်းကလည်း နိုင်ငံအတွင်းရှိ လူနေများပြားသည့်ဒေသများတွင် ဝက်ဝံများကို တွေ့ရှိရကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရာသီဥတုပြောင်းလဲမှု၊ ဝက်ဝံများ နေထိုင်ကျက်စားရာဒေသများတွင် အစာရေစာရှားပါးလာမှု၊ သဘာဝသယံဇာတများအား အလွန်အကျွံရယူမှုနှင့် တောမီးများလောင်ကျွမ်းခြင်းတို့ကြောင့် နိုင်ငံအတွင်းရှိ လူနေထိုင် မှုများပြားသည့် ဒေသများတွင် ဝက်ဝံများအား တွေ့ရှိလာရကြောင်း သိရသည်။
ဆင်ဟွာ


