မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၃၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၃၀  အောက်တိုဘာ

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၃၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို  အောက်တိုဘာ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် နံနက် ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ မိုင်တိုင်အမှတ် (၅) နှင့် (၆) အကြားတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ စိုင်းရွှေ (ခ) စိုင်းသိန်းနိုင်နှင့် တင်ဆန်းဦးတို့အား NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိရ၍ ရှာဖွေစစ်ဆေးခဲ့ရာ မော်တော်ယာဉ် ကြမ်းခင်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၈,၉၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း။

၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း၊ စိုင်းသိန်းနိုင် (ခ) စိုင်းရွှေ မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်၊ အမှတ်-၁၂၀ (က) တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄၆၉ သန်း ဖမ်းဆီးရမိမှုနှင့် ၂၀၁၉ ခုနှစ်၊ မတ် ၃ ရက်က မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာ၊ မောင်တော - အငူမော် ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၇၇၅ သန်း ဖမ်းဆီးရမိခဲ့သည့် အမှုတို့မှ ကွင်းဆက်တရားခံပြေး တစ်ဦးဖြစ်ကြောင်း၊ တင်ဆန်းဦးမှာလည်း ၂၀၁၉ ခုနှစ် မတ်လ၂၄ ရက်က ကော့သောင်းမြို့နယ်၊ မြောက်တော်ဝင်ကျွန်း အနောက်ဘက် ရေမိုင် (၂၀) ခန့်အကွာတွင် အိုက်စ် ၁၇၃၇ ကီလို ဖမ်းဆီးရမိခဲ့သည့်အမှုမှ ကွင်းဆက်တရားခံပြေး တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်