မင်းဘူး (စကု) မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်


မင်းဘူး ဩဂုတ် ၁၅

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိညာပေးခြင်းလုပ်ငန်းများကို ဩဂုတ် ၁၄ ရက် တွင် ဆင်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

 

ဦးစွာ အထူးကုဆရာဝန်ကြီးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လူနေမှုဘဝပုံစံ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ စီးကရက်များအကြောင်းကို ကျောင်းသား ကျောင်းသူများ သိရှိနားလည်နိုင်စေရန် အသိပညာပေးဟောပြောသည်။

 

ဆက်လက်ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်းက အနီးကပ်ကြီးကြပ်၍ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအိအိအောင်၊ သွားနှင့် ခံတွင်းဆရာဝန်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးခြင်းနှင့် မျက်မှန်များပေးအပ်ခြင်း၊ အရေပြားစစ်ဆေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)