နေပြည်တော် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်မှာ တမံအလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှ မြေသား ၂၇ ပေခန့်အထိ လျော့ကျခဲ့သည့်အတွက် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိပြီး တမံအနီးရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မမြရေလှောင်တမံသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စတင်၍ အလျား ၅၀ ပေ ခန့်၊ အနံ ၄ ပေခွဲခန့်၊ မြေသား ၈ လက်မခန့် နိမ့်ကျခဲ့သည့်အတွက် အဆိုပါနေရာအား ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အောက်တိုဘာ ၉ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တမံပေတိုင် ၉၉၀၀ နှင့် ၁၀၀၀၀ အကြား၊ ဆည်ပေါင်ကားလမ်း၏ အလျား ၂၀၀ ပေခန့်၊ အကျယ် ၂၄ ပေခန့်မှ ရေလှောင်ကန်ဘက်ခြမ်း ၆ ပေ ခန့်မှာ မူလအတိုင်းတည်ရှိပြီး အပြင်ဘက်ခြမ်း ၁၈ ပေသည် ၃ ပေခွဲခန့် ထပ်မံနိမ့်ကျခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်းနေရာမှပင် အလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှထပ်မံ၍ ယခင်နိမ့်ကျခဲ့သည့် ပမာဏအပါအဝင် ၂၇ ပေ ခန့် ထပ်မံနိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် သိုလှောင်ထိန်း သိမ်းထားရှိသည့် မမြရေလှောင် တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင် ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ပိုင်းတွင် တမံရှိရေ ၃၁၁ ဒသမ ၄၀ ပေသာ ကျန်ရှိတော့သဖြင့် ၃ ပေ ၈ လက်မခန့် လျော့နည်းသွား ကြောင်း သိရှိရသည်။
ထို့အပြင် တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံ လျော့အိကျ နေရာတစ်လျှောက် တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့်ရေလှိုင်းရိုက်ခတ်ခြင်း ဒဏ်မခံရစေရန်အတွက် မိုးရေကာဖျင်များစနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ် ထိန်းသိမ်းရန်နှင့် တမံအောက်ခြေ ဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမို ခိုင်မာတောင့်တင်းမှု ရှိစေရန် မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာစက်ယန္တရားများ အသုံးပြု၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းအပြင် ရေလှောင်တမံ ဆင်ခြေလျှော နိမ့်ကျမှုဖြစ်ပွား သည့် နေရာအနီးနှင့် ဆည်ရေ ဝင်ရောက်နိုင်သည့် မြန်အောင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ စု၊ ကျေးရွာ ၃၀ ရွာ၊ အင်္ဂပူ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ စု၊ ကျေးရွာ ၂၀ ရွာ၊ စုစုပေါင်း ကျေးရွာအုပ်စု ၁၂ စုရှိ ကျေးရွာ ၅၀ ရွာမှ ဒေသခံပြည်သူများအား ယာယီရေဘေး ကူညီကယ်ဆယ် ရေးစခန်းများ၊ ကုန်းမြင့်နေရာ များသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင် ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများ ကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
၁၀၀


