နေပြည်တော် အောက်တိုဘာ ၁၆
မမြရေလှောင်တမံ၏ တမံထိပ်ပြင်နိမ့်ကျမှု ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသော သိုလှောင်ရေ လျှော့ချခြင်း လုပ်ငန်းများ၊ တမံအောက်ခြေထောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရေစစ် ကျောက်ရိုး (RockToe) တည်ဆောက်ခြင်း လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပိုမိုလုံခြုံစိတ်ချရစေရေးအတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၀ ရက်တွင် မမြရေလှောင်တမံ ရေပြင်၏ နိမ့်မြင့်မှတ် ၃၁၄ ဒသမ ၉ ပေ (သိုလှောင်ရေ ပမာဏ ဧက ပေ- ၇၁၂၇၀)ရှိခဲ့ရာမှ ယနေ့အောက်တိုဘာ ၁၆ရက် ညနေပိုင်းတွင် နိမ့်မြင့်မှတ် ၃၀၆ ဒသမ ၅ ပေ(သိုလှောင်ရေပမာဏ- ၆၀၉၀၀) သို့ လျှော့ချနိုင်ခဲ့ပြီး စုစုပေါင်းရေပြင်၏ နိမ့်မြင့်မှတ် ၈ ပေ ၅ လက်မ(သိုလှောင်ရေပမာဏ ဧက ပေ-၁၀၃၇၀) ထိ လျှော့ချနိုင်ခဲ့ ခြင်း၊ တမံအောက်ခြေထောက်ခြင်း လုပ်ငန်းနှင့် ရေစစ်ကျောက်ရိုး တည်ဆောက်ခြင်းလုပ်ငန်းတို့ ပိုမိုဆောင်ရွက်နိုင်ခြင်းနှင့် အရေးပေါ်ရေပိုလွှဲမှ ရေစီးမှုပိုမိုကောင်းမွန်စေရန် ရေလမ်းကြောင်းချဲ့ထွင်ခြင်းကို တိုးချဲ့ဆောင်ရွက် နိုင်ခြင်းကြောင့် တမံကြံ့ခိုင်မှု အခြေအနေမှာ ပိုမိုတိုးတက်ကောင်းမွန်လာကြောင်း သိရသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်ရှိ နန်ကသူရေလှောင်တမံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ရေလှောင်တမံနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးက ပင်မတမံ၊ ရေပိုလွှဲများနှင့် ရေအားအဆောက် အအုံများ မျက်မြင်အခြေအနေတွင် ကောင်းမွန်မှုရှိသော်လည်း Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန်၊ ရေဆင်းဧရိယာအတွင်း မိုးရေချိန်အခြေအနေများပေါ် မူတည်၍ ရေဝင်ရောက်မှုကို ၂၄ နာရီပတ်လုံး စောင့်ကြည့်၍ ရေထုတ်ပြွန်မှ စနစ်တကျ ရေထုတ်လွှတ်နိုင်ရေးကို Rule and Regulation အတိုင်းကြိုတင် စီမံဆောင်ရွက်ကြရန်၊ ရေပိုလွှဲအထွက်ပိုင်း ရေစီးကောင်းမွန်စေရေး စစ်ဆေးဆောင်ရွက်ရန်နှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ၊ မိုးကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်နိုင်ရန်အတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Emergency Action Plan - EAP) ရေးဆွဲထားရှိသည့်အတိုင်း သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့်ချိတ်ဆက်၍ လိုက်နာဆောင်ရွက် သွားကြရန်၊ နွေစပါးနှင့် အခြားနွေသီးနှံလျာထား စိုက်ဧကများအတိုင်း လုံလောက်စွာစိုက်ပျိုးရေ ပေးဝေနိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် အရေးပေါ်ရေပိုလွှဲ အမှတ်(၁)နှင့် အမှတ်(၂) ကြံ့ခိုင်မှုပိုမို ကောင်းမွန်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီး သည် အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက အင်္ဂပူမြို့နယ်ရှိ ကညင် ရေလှောင်တမံသို့ရောက်ရှိစဉ် ရေလှောင်တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်မှုရှိစေရေး အမြဲမပြတ်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


