ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ ဗိမာန်တော်ကြီးတွင် ယာယီထားရှိသည့် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကျန်းမာရေး တစ်ကိုယ်ရေသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန သန်လျင်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအတွက် လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ခန်းမတွင် မလေးရှားနိုင်ငံ မှ ပြန်လာသော မြန်မာနိုင်ငံသားများကို တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကျန်းမာရေး တစ်ကိုယ်ရေသုံး ပစ္စည်းများကို ပေးအပ်၍ အလုပ်သမားဝန်ကြီးဌာန လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး၌ မလေးရှားနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ အတွက် လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ (၁/ ၂၀၂၆) အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စားရေ ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ ထူးမောင်နှင့် ကော်မတီတွဲဖက် အတွင်းရေးမှူး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်တို့က လုပ်ငန်း အခြေအနေများကို ဆွေးနွေးတင်ပြပြီး ကော်မတီဥက္ကဋ္ဌ က တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများ အလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


