မက္ကဆီကို၌ သတင်းစာဆရာတစ်ဦး ပစ်သတ်ခံရ

မက္ကဆီကိုစီးတီး ၁ နိုဝင်ဘာ

အမေရိကန်ပြည်ထောင်စုနှင့် နယ်စပ်အနီးရှိ မက္ကဆီကိုနိုင်ငံမှ ရာဇဝတ်မှုထူပြောသော ချီယူဒက်ဂျူဇာရက်စ်မြို့တွင် မက္ကဆီကိုလူမျိုး သတင်းစာဆရာတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ချီဟွာဟာပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာဗီးယားကော်ရယ်က အောက်တိုဘာ ၃၀ရက်တွင် ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူ သတင်းစာဆရာ အာတူရိုအယ်လ်ဘာ မီဒီနာသည် မက္ကဆီကိုနိုင်ငံတွင် ယခုနှစ်အတွင်း သတ်ဖြတ်ခြင်းခံရသည့် ဆဋ္ဌမမြောက် သတင်းစာဆရာဖြစ်သည်။ မက္ကဆီကိုနိုင်ငံသည် သတင်းစာဆရာများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

ချီဟွာဟွာပြည်နယ်အုပ်ချုပ်ရေးမှူးက ယင်းဖြစ်ရပ်အား သူရဲဘောကြောင်သည့် လူသတ်မှုဟု ရှုတ်ချပြောကြားခဲ့ပြီး လူသတ်သမားအား အရေးယူအပြစ်ပေးရန် အစိုးရရှေ့နေများအား ပြောကြားခဲ့သည်။ယင်းဖြစ်ရပ်အတွက် တရားမျှတမှု ရှိစေရမည်ဟု ၎င်း၏တွစ်တာစာမျက်နှာတွင်လည်း ရေးသားဖော်ပြခဲ့သည်။

သေဆုံးသူ သတင်းစာဆရာမှာ အသက်(၄၉)နှစ်ရှိပြီး ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူဖြစ်သည်။ အောက်တိုဘာ ၂၉ ရက် ညပိုင်း၌ ၎င်း၏ အစီအစဉ်ပြီးဆုံးပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်း ဖြစ်သည်ဟု မီဒီယာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (အာရ်အက်စ်အက်ဖ်)က ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ သတင်းထောက် ၁၀၀ ကျော် အသတ်ခံခဲ့ရသည်။ မက္ကဆီနိုင်ငံတွင်း၌ နိုင်ငံရေးအကျင့်ပျက်ခြစားမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းမှုသည် အသက်ဆုံးရှုံးနိုင်စေသည့် အကြောင်းရင်းဖြစ်သည်။

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဇော်ဝင်း