မချမ်းဘောမြို့၌ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 

မချမ်းဘော အောက်တိုဘာ ၂၈

 

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေး အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ရဝမ်ရိုးရာ ယဥ်ကျေးမှု ရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးဘုန်းထက်သျှံက အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကာကွယ်နည်းလမ်းများ၊ ဖြစ်ပွားနိုင်သောရောဂါများ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြိုင်က စိုက်ပျိုးရေး ပျက်စီးဆုံးရှုံးနိုင်မှုများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်က အန္တရာယ် ကာကွယ်ရေး သတင်းအချက်အလက်မှန် ရရှိရေးဆိုင်ရာများနှင့် လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်မင်းက ကျေးရွာအဆောက်အအုံ၊ ရေပေးဝေရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံ ဦးဇာမဲဒီးဆားရ်က တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု ကြိုတင်ကာကွယ်ရေးနှင့် ရောဂါ မဖြစ်ပွားရေး ဆောင်ရွက်ရမည့် အချက်များကို အသီးသီးဟောပြောခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများမှ သိရှိလိုသည်များကို မေးမြန် ဆွေးနွေးကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

တက်ရောက်လာကြသော ဒေသခံပြည်သူများသည် အယ်လ်နီညိုဖြစ်စဥ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မီးဘေး၊ ရေဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)