မက်ဂွိုင်းယားနှင့်  ကာဗာနီတို့  ပီအက်စ်ဂျီကို ရင်ဆိုင်မည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်ယူအသင်းတွင် ပါဝင်ကစားမည်မဟုတ်

၂၀ အောက်တိုဘာ

 

 

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တိုက်စစ်မှူးသစ် ကာဗာနီ တို့နှစ်ဦးစလုံးဟာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်မယ့် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ ပါဝင် နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။

 

 

အသက် (၃၃)နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ခုနစ်ရာသီကြာ ကစားခဲ့ပြီး အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ နွေဈေးကွက် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ  ပီအက်စ်ဂျီကနေ မန်ယူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

 

 

အစောပိုင်းက ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ ကစားမယ့်ပွဲမှာ သူ့ရဲ့ မန်ယူပွဲဦးထွက်အဖြစ် ကစားနိုင်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်  ပဲရစ်ကို သွားတဲ့ မန်ယူအသင်းမှာ ကာဗာနီလိုက်ပါသွားခြင်း မရှိသလို  မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း မန်ယူအသင်းနဲ့အတူ လိုက်ပါသွားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

 

 

မက်ဂွိုင်းယားဟာ မန်ယူက နယူးကာဆယ်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန်တစ်လျောက် အကောင်းဆုံး ခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ ပွဲမှာတော့ နည်းပြ ဆိုးလ်ရှား က  မန်ယူအသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။  ဆိုးလ်ရှားက မက်ဂွိုင်းယားရဲ့ ပွဲဆက်ကစားနေရမှုကြောင့် ပွဲပန်းနေမှုနဲ့ ဒဏ်ရာပြဿနာတွေ ရှောင်လွှဲဖို့အတွက် ချန်လှပ်ခဲ့တယ်လို့ ယူဆရပါတယ်။

 

 

ပီအက်စ်ဂျီနည်းပြ တူဟဲလ်ကတော့ မန်ယူနဲ့ ပီအက်စ်ဂျီတို့ ကစားမယ့်ပွဲဟာ ကာဗာနီက အသင်းဟောင်းကို ပီအက်စ်ဂျီကို ပြန်လည် လက်စားချေဖို့ ကြိုးစားမယ့် ပွဲအဖြစ်  မယူစစေလိုကြောင်း ပြောကြားထားပါတယ်။  ကာဗာနီဟာ  ကိုဗစ်-၁၉ စည်းမျဉ်းအရ   နှစ်ပတ်ကြာ သီးခြားနေထိုင်ခဲ့ရပြီး မန်ယူအသင်းဖော်တွေနဲ့ နှစ်ကြိမ်သာ ပူးပေါင်းလေ့ကျင့်နိုင်ခဲ့ပါတယ်။ လာမယ့် အောက်တိုဘာ ၂၄ ရက်မှာတော့ မန်ယူဟာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး အဆိုပါ ပွဲမှာ ကာဗာနီအနေနဲ့ မန်ယူရဲ့ ပွဲဦးထွက်အဖြစ် ဝင်ရောက် ကစားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းချက်တွေ ထွက်နေပါတယ်။

 

 

မေလဲ့သင်း