ပခုက္ကူ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပခုက္ကူမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက အမှတ် (၁) ရပ်ကွက် ကျောက်စေတီဘုရားဝင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျင်းပသည်။
ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၁၀) ရပ်ကွက်တို့ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၆၀ ၊ လူဦးရေ ၆၄၄ ဦးတို့အား အိမ်ထောင်စု တစ်စုလျှင် ဆန်လေးပြည်၊ ဆီ ၂၅ကျပ်သား၊ ကြက်ဥ ၁၀လုံး၊ ခေါက်ဆွဲခြောက် ငါးထုပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ် ရေစိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက်ဆဲဖြစ်သဖြင့် အမှတ် (၁၊၉၊၁၀၊၁၃၊၁၄) ရပ်ကွက်များနှင့် ကျွဲတဲကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာအုပ်စု၊ လယ်ယာကျေးရွာအုပ်စုတို့ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၉၃စု၊ လူဦးရေ ၂၀၄၉ဦးတို့အား ကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အရေးပေါ်သုံးထောက်ပံ့ပစ္စည်းများ၊ ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


