မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မကွေး အောက်တိုဘာ ၆

 

၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက် ကြသည်။

 

ဖွင့်လှစ်ပေး

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ရှင်းလင်း ပြောကြားပြီး ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး အဖွင့်ပွဲစဉ်အဖြစ် မင်းဘူးမြို့နယ် ဖူဆယ်ဘောလုံးအသင်းနှင့် မင်းလှမြို့နယ် ဖူဆယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မင်းဘူးမြို့နယ် အသင်းက အနိုင်ရရှိသည်။

 

အဆိုပါ ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ် ပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အားကစား သမားများက အုပ်စုလေးစုခွဲ၍ ပြိုင်ပွဲဝင် ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)