မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါ ၇၈၅၈ ဧက စိုက်ပျိုးပြီးစီး

မင်းလှ ဩဂုတ် ၂

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ချည်မျှင်ရှည်ဝါ စုစုပေါင်း ၃၉၇၄၉ ဧက စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ၇၈၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါမြို့နယ် ပန်းတော်ပြင်ကျေးရွာအုပ်စုအတွင်းရှိ ဝါစိုက်တောင်သူများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့က သွားရောက်တွေ့ဆုံပြီး ကွန်ပေါင်းဓာတ်မြေဩဇာများကို ချည်မျှင်ရှည်ဝါစိုက်တောင်သူများထံ ထောက်ပံ့ပေးအပ်ကာ ကျေးရွာအုပ်စု ကွင်းအမှတ် (၈၅၉) တွင် စိုက်ပျိုးထားသည့် တောင်သူ ဦးအောင်သူရ၏ ချည်မျှင်ရှည်ဝါ အထွက်တိုးစံပြကွက်နှစ်ဧကကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါခရီးစဉ်အတွင်း ပန်းတော်ပြင်ကျေးရွာရှိ တစ်သျှူးငှက်ပျောစိုက်ခင်းကိုလည်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဝင်းမြတ်(အထက်မင်းလှ)