မကွေးမြို့သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး အကြိမ်(၂၅၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ

မကွေး အောက်တိုဘာ ၂၁

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး အကြိမ် (၂၅၉၀) မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားနှင့် ဗုဒ္ဓပူဇနိယ မင်္ဂလာဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပသည်။

 

 ဦးစွာ နံနက် ၅ နာရီခွဲတွင် မြသလွန် စေတီတော်မြတ်ကြီးအား မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး ကိုးပါးနှင့် ပဋ္ဌာနဘာဏကဆရာတော် (၂၄) ပါးတို့က ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ စေတီတော်ဂေါပကအဖွဲ့နှင့် အထူးဖိတ် ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညို ပူဇော်ကြကာ မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအား မြသလွန်ကုန်းတော် မြမဉ္စာဓမ္မသဘင်ခန်းမ၌ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် မြသလွန်စေတီတော် မြတ်ကြီး၏ အကြိမ် (၂၅၉၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပရာ မြသလွန်စေတီတော် မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်လာကြသူများက အခမ်းအနား အစီအစဉ်အတိုင်း ပွဲတော်ကို ဖွင့်လှစ်ပေးကြသည်။

 

မြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ၁၃၈၈ ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက်မှ တန်ဆောင်မုန်းလဆန်း (၆) ရက် (အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်) အထိ ၂၆ ရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း အငြိမ့်၊ နိုင်ငံကျော်ဇာတ်ပွဲများနှင့် မြန်မာ့ရိုးရာ အစားအစာများ၊ လူသုံးကုန် ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်း မျိုးစုံ ခင်းကျင်းရောင်းချသည့် ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။

 

ထို့ပြင် ပွဲတော်လာ ဘုရားဖူး လာပြည်သူများ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန်အတွက် ဂေါပကအဖွဲ့က အခမဲ့နားနေဆောင်များကို စီစဉ်ထားရှိကြောင်း သိရသည်။

 

ဗုဒ္ဓပူဇနိယ ပွဲတော်ရက်များအတွင်း မြို့ပေါ်စာသင်တိုက် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များအား ပင့်ဖိတ်၍ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပမည်ဖြစ်သည့်အပြင် သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး ၉၀၀၀၊ နံ့သာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် မီးပုံးပျံ ကြီး ၁၄ လုံး၊ မီးပုံးပျံငယ် ၃၀၀၀ တို့ကို လွှတ်တင် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်ခိုင်မင်း (ပြန်/ဆက်)