မကွေးမြို့၌ တရုတ်နိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ GACC မှတ်ပုံတင်လျှောက်ထားနိုင်ရေး ရှင်းလင်းပွဲကျင်းပ

မကွေး စက်တင်ဘာ ၁၇

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာထွက်ကုန်များ စနစ်တကျ တရားဝင်တင်ပို့နိုင်ရေးနှင့် GACC (General Administration of Customs of the People’s Republic of China) မှတ်ပုံတင်လျှောက်ထားနိုင်ရေး အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက တရုတ်နိုင်ငံ၏ စည်းမျဉ်းဥပဒေများအရ ပြည်ပမှ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းရာတွင် GACC မှတ်ပုံတင်နံပါတ် သို့မဟုတ် ခွင့်ပြုချက်ပါရှိရန် မဖြစ်မနေလိုအပ်သည့် အခြေအနေများ၊ တရုတ်ဈေးကွက်သို့ တရားဝင် ဈေးကွက်ဝင်ရောက်နိုင်ရေး (Market Access) ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ မကွေးမြို့နယ် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဒေသတွင်းကုန်ထုတ်လုပ်ငန်းရှင်များနှင့် ကုန်သည်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)