မကွေး ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်ဖြင့် မိုးနှမ်း၊ မိုးမြေပဲ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က တိုင်းဒေသကြီး စိုက်ပျိုးရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင်က အမှာစကားပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက GAP စနစ်ဖြင့် မိုးနှမ်းစိုက်ပျိုးဆောင်ရွက်ရခြင်းနှင့် GAP မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေလိုအပ်ချက်များအပေါ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများအပြင် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


