မကွေး စက်တင်ဘာ ၉
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်/မန္တလေး/နေပြည်တော်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများသည် ခရိုင်/မြို့နယ်များသို့ အထူးကုဆေးကုသရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်နှင့် ကလေးဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာ ဝန်ကြီး ၁၂ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် မကွေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခြင်းကို စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုခရီးစဉ်တွင် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထွေထွေရောဂါ၊ နှလုံးဆေးကုသမှုဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အသည်းဆေးကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာရောဂါ၊ အဆုတ်နှင့် ရင်ခေါင်းဆေးကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောအဆစ်ရောဂါ၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါ၊ ကလေးသွေးနှင့် ကင်ဆာရောဂါများဖြင့် လာရောက်ပြသသော မကွေးတိုင်းဒေသကြီးအတွင်းရှိ စုစုပေါင်း ဒေသခံပြည်သူ ၂၀၉၈ ဦးတို့အား စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး အထူးခွဲစိတ်ကုသမှု လိုအပ်သည့်လူနာများနှင့် အထူးကုသမှု ဆက်လက် ခံယူရန်လိုအပ်သည့် လူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


