မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ အကြိမ်(၂၅၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်အထိ ကျင်းပသွားမည်

မကွေး စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ အကြိမ်(၂၅၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်အထိ ရက် ၂၀ ကျော်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

ညှိနှိုင်း အစည်းအဝေးတွင် မြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ယခုနှစ်တွင် ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်းအပြင် မီးပုံးပျံလွှတ်တင်ခြင်း အစီအစဉ်များ ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိများက တာဝန်ယူဆောင်ရွက်ပေးကြရန် မှာကြားသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းအစီအမံများ ဆွေးနွေး တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မကွေးမြသလွန်ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် မီးပုံးပျံ လွှတ်တင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဘုရားပွဲတော်ကွင်း၌ လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘုရားဖူးပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု လွယ်ကူစွာရရှိ နိုင်ရေးအတွက် ကျန်းမာရေးစခန်းများ ဖွင့်လှစ်ပေးရန်၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချရာတွင် စနစ်တကျရှိစေရေးနှင့် စားသောက်ကုန်များ သန့်ရှင်းလတ်ဆတ်မှု ရှိစေရေးတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)