မကွေး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ အကြိမ်(၂၅၉၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် မြသလွန်စေတီတော်ရင်ပြင်တော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များ၊ ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မကွေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း ၁၂၈ ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဆွမ်းဆန်တော်များ၊ ဝတ္ထုငွေများ၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဆပ်ပြာ၊ အချိုရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင် စသည့်လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။ အဆိုပါ မြသလွန်ဘုရားပွဲတော်တွင် ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ပြဇာတ်ရုံများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများ ခင်းကျင်းရောင်းချလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ မိဘပြည်သူများဖြင့် နေ့စဉ်အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြသလွန်စေတီတော်မြတ်ကြီးအား ပူဇော်သောအားဖြင့် ဧရာဝတီမြစ်ကမ်းနံဘေး River View Point Pavilion အနီးတွင် ဒေသခံပြည်သူများနှင့်အတူ ရောင်စုံမီးကြာခွက်များကို ဧရာဝတီမြစ်အတွင်းသို့ မီးမျှောပူဇော်ကြသည်။ ယင်းရောင်စုံ မီးကြာခွက်မီးမျှောပွဲကို မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ဗုဒ္ဓဘာသာဝင်တို့၏ သာသနာပြုကုသိုလ်များ တိုးပွားစေရန်၊ အမျိုးဘာသာ၊ သာသနာနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


