မက်ဆီရှိနေသမျှ ဘာစီလိုနာ ဖလားရနိုင်ပြီး မက်ဆီကို ထွက်ခွာခွင့်မပြုခဲ့ခြင်းက ဘာစီလိုနာ အကျိုးစီးပွားအတွက် ရှေးရှုခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူရှင်းလင်း

 

၂၇ အောက်တိုဘာ

 

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူက ပြီးခဲ့သည့် နွေရာသီအတွင်း ကလပ်အသင်း စူပါစတား မက်ဆီကို အသင်းပြောင်းရွှေ့ခွင့် မပေးခဲ့ဘဲ ရသည့်နည်းနှင့် ထိန်းသိမ်းခဲ့ခြင်းက ဘာကာအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရှစ်ဂိုး-နှစ်ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဆီက ဘာစီလိုနာအသင်းဘုတ်အဖွဲ့၏ နည်းပြခန့်အပ်မှုနှင့် ကစားသမား အပြောင်းအရွှေ့ မူဝါဒအမှားများကြောင့်ဟု ယူဆကာ ဘာကာမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

 

မက်ဆီကိုရရှိရေး ကြိုးပမ်းလာသည့် ထိပ်တန်းအသင်းများ၊ မက်ဆီနှင့် ဘာစီလိုနာတို့ ချုပ်ဆိုထားခဲ့သည့် စာချုပ်ကိစ္စ၊ မက်ဆီက ဘာစီလိုနာအသင်းဥက္ကဋ္ဌ၏ ကတိမတည်မှုကြောင့် သူ့အနေဖြင့် အသင်းတွင် ဆက်ရှိနေရတော့မည်ဖြစ်ကြောင်း ပြောကြားချက်များသည် နွေဈေးကွက် တောက်လျောက်တွင် လူပြောအများဆုံး ကိစ္စရပ်ဖြစ်ခဲ့သည်။ ဥက္ကဋ္ဌ ဘာတိုမူက မက်ဆီနှင့် ဘာကာ ချုပ်ဆိုထားသော စာချုပ်ပါ ထွက်ခွာခွင့် အချက်အရ ယူရိုသန်း ၇၀၀ ပေးချေနိုင်မှသာ မက်ဆီကို ရရှိနိုင်မည်ဖြစ်ကြောင်း တုံ့ပြန်ကာ မက်ဆီကို ဆက်လက်ထိန်းထားခြင်း ဖြစ်သည်။

 

ဘာတိုမူကကျွန်တော်တို့စီမံချက်အသစ်ရဲ့ အစိတ်အပိုင်းမှာ မက်ဆီကို ဆက်ထိန်းထားရေးက ဦးစားပေးအနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က ဘယ်လိုဆွေးနွေးမှုမျိုးကိုမှ လက်သင့်မခံခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်က အသင်းရဲ့ အကျိုးစီးပွားကိုပဲ နံပါတ်()နေရာက ထားတာကြောင့် သူ့ (မက်ဆီ) ကို အင်အားကြီး ပြိုင်ဘက်အသင်းဆီ ထွက်ခွာခွင့် မပေးနိုင်ပါဘူးဟု ပြောကြားခဲ့သည်။

 

ဘာတိုမူက သူ့အနေဖြင့် ဘာစီလိုနာ အသင်းဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံရရန် ယုံကြည်မှု မရှိသော်လည်း ဘာစီလိုနာ ခေတ်သစ် ထူထောင်ရေးအတွက် ကူညီဆောင်ရွက် လိုကြောင်းနှင့် မက်ဆီကို ဘာစီလိုနာအသင်းတွင်သာ ဘောလုံးသမားဘဝမှ အနားယူရန် ဆန္ဒရှိကြောင်း ဆိုသည်။

 

ဘာစီလိုနာအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းမွန်နေသော်လည်း လာလီဂါတွင် အယ်လ်ဂလက်စီကိုပွဲ ရှုံးနိမ့်အပြီး အမှတ်ပေးဇယား အဆင့် (၁၂)နေရာအထိ ဆင်းပေးခဲ့ရသည်။ သို့ရာတွင် ဘာတိုမူက ဘာကာတွင် မက်ဆီလို ထိပ်တန်းကစားသမား ရှိနေခြင်းကြောင့်  အနည်းဆုံး ဖလားတစ်လုံး ရရှိနိုင်ကြောင်း ဆိုခဲ့သည်။

 

မေလဲ့သင်း