မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ အထူးသတိပြု ကြိုတင်ကာကွယ်ရန် လမ်းညွှန်အသိပေးထား

ရန်ကုန် ၂ ဇွန်

 

မိုးရာသီတွင် ခြင်ကျားပိုးလောက်လန်း အများဆုံးပေါက်ပွားသောကြောင့် သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားလေ့ရှိရာ ကြိုတင်ကာကွယ်မှုသည် ထိရောက်သော ကုသမှုဖြစ်သည့်အတွက် ယခုမိုးရာသီ၌ သွေးလွန်တုပ်ကွေးရောဂါကို အထူးသတိပြု၍ မိမိတို့နေအိမ်နှင့် ဝန်းကျင်၍ ပိုးလောက်လန်းများကို ထိန်းချုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ရောဂါပိုးသယ်နိုင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရ.ပ.က.န) မှ သိရသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါမှာ ၁၉၆၄-ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၁၉၇၀-ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ရာ မိုးရာသီတွင် ပိုမိုဖြစ်ပွားလေ့ရှိသောကြောင့် ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို နေအိမ်များနှင့် ကျောင်းများတွင် နှစ်စဉ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“သွေးလွန်တုပ်ကွေးရောဂါအတွက် အခု ကိုဗစ်-၁၉ ရောဂါလို ကုသတဲ့ဆေးမရှိပါဘူး။ ဖျားလာရင် အဖျားကျအောင်လုပ်ပေးမယ်။ သွေးယိုစီးရင် သွေးတိတ်အောင်လုပ်ပေးမယ်။ ဒန်ဖက်ဆီးယားဆိုတဲ့ ကာကွယ်ဆေးဘဲရှိတယ်။ ဒါကြောင့် ဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ်။ မိုးရာသီမှာ အဖြစ်များတဲ့အတွက် ဇန်နဝါရီလထဲက မြို့နယ်တိုင်းမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေ၊ အဘိတ်ဆေးခတ်တာတွေ၊ ကြိုင်ကာကွယ်မှုလုပ်ငန်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ယခုလကစပြီး သွေးလွန်တုပ်ကွေးရာသီ ဖြစ်တာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်မှုနဲ့အတူ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို အထူးကြပ်မတ် ဆောင်ရွက်နေပါတယ်”ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ရ.ပ.က.န) ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။

 

တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူဦးရေသန်း(၃၉၀)ကျော် သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရလျက်ရှိပြီး ၂၀၁၉-ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားခဲ့ရာ အမေရိကားတိုက်တစ်ခုတည်းတွင်  ၃ ဒသမ ၁ သန်းဖြစ်ပွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀-ခုနှစ်၌ သွေးလွန်တုပ်ကွေးရာဂါ ဖြစ်ပွားသူပေါင်း (၁၃၃၄)ဦးရှိခဲ့ပြီး သေဆုံးသူ (၉)ယောက်ရှိကာ ရန်ကုန်တိုင်းဒေသကြီး၌ မေလ(၃၀)ရက်ထိ ရောဂါဖြစ်ပွားသူပေါင်း (၂၅၁)ဦးနှင့် သေဆုံးသူ (၄)ဦးရှိကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Dengue  Virus) သယ်ဆောင်ထားသော နေ့အချိန်၌ ကိုက်လေ့ရှိသည့် ခြင်ကျားကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး မိုးရာသီတွင် ခြင်ကျားပိုးလောက်လန်း အများဆုံးပေါက်ပွားလေ့ရှိသည့်အတွက် ရောဂါအများဆုံးဖြစ်ပွားလေ့ရှိရာ ရေကြည်ရေသန့်တွင် (၈)ရက်မှ (၁၀)ရက်အတွင်း ပိုးလောက်လန်းမှ ခြင်အဖြစ်သို့ ပြောင်းလဲသောကြောင့် ခြင်သက်တမ်း နှစ်ပတ်မှတစ်လအတွင်း ဥပေါင်း(၄၀၀)မှ (၈၀၀)ခန့်အထိ ဥနိုင်ကြောင်း သိရသည်။

 

တစ်ကမ္ဘာလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ နိုင်ငံပေါင်း(၁၀၀)ကျော်၌ အမြစ်တွယ်ဖြစ်ပွားလျက်ရှိပြီး ဆယ်စုနှစ်နှစ်စုအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် (၁၅)ဆ တက်လာသောကြောင့် သေဆုံးနှုန်းသည် (၅)ဆတက်လာလျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသော တိုင်းဒေသကြီးများတွင် ရန်ကုန်တိုင်းဒေသကြီးလည်း ပါဝင်သည့်အတွက် ယခုနှစ်မိုးရာသီ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါ အထူးသတိပြု ကြိုတင်ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်းအသိပေးထားကြောင်း သိရသည်။

 

ဓာတ်ပုံ - သန်းစိုး၊ သန်းထိုက်