မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ ပြေး/ခုန်/ပစ် အားကစားပြိုင်ပွဲ ကျင်းပ

မူဆယ်  ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် မြို့နယ်ပညာရေးမှူးဖလားကျောင်းပေါင်းစုံ ပြေး/ ခုန်/ပစ် အားကစားပြိုင်ပွဲကို  ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် မူဆယ်မြို့နယ်ပညာရေးမှူး ဒေါ်ချိုက အမှာစကားပြောကြားပြီး အားကစားနည်းပြက ပြိုင်ပွဲများအကြောင်းကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ကျား/မ  မီတာ ၁၀၀ ၊  မီတာ ၂၀၀ အပြေးပြိုင်ပွဲနှင့်  မ  မီတာ   ၄၀၀ အပြေး ပြိုင်ပွဲ၊ ကျား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ ကျား/မ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ သံလုံးပစ်၊   သံပြားပစ်၊   လှံတံပစ်နှင့် အလျားခုန်ပြိုင်ပွဲတို့ကို ကျင်းပရာ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူ ၃၅၀ ကျော်က ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက်  ပြိုင်ပွဲများတွင် တစ်ဦးချင်းဆု၊ တံခွန်စိုက်ဒိုင်း ဒုတိယဆုနှင့် တတိယဆုရရှိကြသည့်   ကျောင်းသား   ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး တံခွန်စိုက်ဒိုင်း ပထမဆုရရှိသည့် ICTC ကိုယ်ပိုင်ကျောင်းအား ဒိုင်းဆုနှင့်တကွ ငွေသားဆုကို မြို့နယ်ပညာရေးမှူးက  ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)