မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၄ နိုဝင်ဘာ

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြို့မစုပေါင်းဂိတ်နေရာနှင့် ကလေးဝ-မော်လိုက်ကားလမ်း မိုင်တိုင်အမှတ်(၀/၃)မိုင် နေရာတို့၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် အင်/ကညင်ခွဲသား တန်(၂၀)၊ ဝန်းသိုမြို့နယ်၊ ဖီးလေးအပတော၊ ပြင်တဲကြိုးဝိုင်း အကွက်အမှတ် (၁၉၊ ၂၃၊ ၂၅)၊ နမ်းခမ်းအပတောအတွင်း နေရာများ၌ တရားမဝင် ကျွန်း/ အင်ကြင်း/ ထောက်ကြံ့၊ ကညင်/ သစ်/ခွဲသား (၂၂)တန်၊ ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၂)၊ (၆၂/၁)အနီး မြို့ချောင်းကျေးရွာ၊ ပိတောက်ကုန်း၊ ရေပိုလွှဲသွား လမ်းဘေးနေရာများ၌ တရားမဝင်ကျွန်းခွဲသား (၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ရွှေဘို-မြစ်ကြီးနားကားလမ်း၊ စက်မှုဇုန်လမ်းခွဲထိပ်နေရာ၌ ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၉)တန်နှင့်အတူ တရားခံ (၂)ဦး၊  ပြည်ကြီး တံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြားတွင် ယာဉ်ပေါ်မှ တရားမဝင် စေတီသစ်ခွ (အစို)၊ ပုဇွန် သစ်ခွ(အစို)၊ ဂတုံးသစ်ခွ(အစို)၊ ပန်းကြီးသစ်ခွ(အစို)၊ ဖယောင်းသစ်ခွ(အစို)၊ သံခွန်သစ်ခွ(အစို)၊ လိပ်ပြာဥ (၁၃)အိတ် (၂၃၁)ပိဿာနှင့်အတူ တရားခံ(၁)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြား၊ အိမ်အမှတ် (တတ-၃/၃၇)ခြံဝင်းအတွင်း တရားမဝင် တောဂျင်း၊ လိပ်ပြာဥ၊ သစ်ခွ(၂၅)အိတ် (၅၇၄)ပိဿာနှင့်အတူ တရားခံ (၁)ဦးအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ- ၄၀(ခ)အရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

ညီညီသန်း(နေပြည်တော်)