မိုးညှင်းမြို့၌ သီတင်းကျွတ်လပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုးညှင်း အောက်တိုဘာ ၂၇

 

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို စုပေါင်းရုံးရှေ့ စိမ်းလဲ့သာယာပန်းခြံအနီး၌ ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

သီတင်းကျွတ်လပြည့်ညတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ် သွားလာကြသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့ပေါ် ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့များနှင့် အလှူရှင်များက စတုဒိသာဖြစ်သည့် မုန့်နှင့် အချိုရည်များကို ဈေးဆိုင်ခန်းပေါင်း ၂၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။

 

ထို့အပြင် မြို့ပေါ်ရပ်ကွက်များရှိ အထင်ကရဘုရား စေတီပုထိုးများတွင် ဘုရားဖူးပြည်သူများကလည်း ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြခြင်းတို့ဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း