မိုင်းယောင်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့၌ အောက်တိုဘာ ၂၈ ရက်က တစ်နှစ်လျှင် တစ်ရက်သာကျင်းပသည့် နတ်ပွဲ(ခေါ်)နတ်ဈေးနေ့တွင် ဒေသခံတိုင်းရင်းသားများနှင့် ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားသည်။
နတ်ပွဲ(ခေါ်)နတ်ဈေးနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူများက အမှတ်(၃)ရပ်ကွက် မြို့နယ်နတ်နန်းရှိ မြို့စောင့်နတ်အား ဒေသရိုးရာဓလေ့ထုံးတမ်းနှင့်အညီ သွားရောက်ပူဇော် ပသကြခြင်း၊ ဌာနေရှမ်းအဆိုတော်များက “ကမ်ခပ်” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခြင်း၊ နတ်ဆင်းပြီး ဆန်ရေစပါး ပေါများကြွယ်ဝရေးအတွက် စောင့်ရှောက်ကူညီမှုများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ ပြောပြပေးခြင်းကို ယခုနှစ်တွင်လည်း ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ထူးခြားသော ဤပွဲတော်သည် ရှေးယခင်ကတည်းက တန်ဖိုးထား ထိန်းသိမ်းလာခဲ့သည့် ရှမ်းရိုးရာယဉ်ကျေးမှုနှင့် ယုံကြည်ကိုးကွယ်မှု ဓလေ့တစ်ခုဖြစ်ကာ တစ်နှစ်မှ တစ်ကြိမ်သာ ကြုံကြိုက်ရသည့် ရိုးရာပွဲတော်ဖြစ်သဖြင့် ဒေသခံများက မိမိတို့၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို ခေတ္တရပ်နား၍ စုပေါင်းဆုံတွေ့ကြပြီး တစ်နှစ်တာအတွင်း ဒေသထွက် ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းမျိုးစုံကို လာရောက်ရောင်းချကြသကဲ့သို့ ပွဲတော်ရက်အတွင်း ရပ်နီးရပ်ဝေးမှ ဘုရားဖူးများနှင့် ဈေးရောင်းဈေးဝယ်ပြုသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
နန်းပန်(ပြန်/ဆက်)


