မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာနေ ပြည်သူများအတွက် ကျေးရွာမြေငှားဂရန်များ ထုတ်ပေး

မြစ်ကြီးနား ဇူလိုင် ၃၀

 

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ကျေးရွာ ခုနစ်ရွာတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးလျက်ရှိရာ ယနေ့တွင် မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာ ဒူဝါလဝမ်လီ အောက်မေ့ဖွယ်ခန်းမဆောင်၌ ကျေးရွာနေပြည်သူများအတွက် မြေငှားဂရန်များကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထုတ်ပေးသည်။

 

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ရုံးတို့မှ ယာယီ တိမ်းရှောင်လာသော မြစ်ကြီးနားခရိုင်မှ ဝန်ထမ်း ၁၂၆ ဦး၊ ချီဖွေခရိုင်မှ ဝန်ထမ်း ၇၇ ဦး၊ ဗန်းမော်ခရိုင်မှ ဝန်ထမ်း ၈၁ ဦးနှင့် ဆွမ်ပရာဘွမ်မြို့နယ်မှ ၁၀ ဦး စုစုပေါင်း ၂၉၄ ဦးတို့ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် ဝန်ထမ်းတစ်ဦးလျှင် ဆန် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ၂၉၄ အိတ်ကို ထောက်ပံ့ပေးအပ်သည်။

 

ထို့အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ဆဒုံး၊ ဖားကန့်၊ ဆော့လော်၊ ကံပိုင်တည်၊ ဗန်းမော်၊ ချီဖွေမြို့နယ်များမှ ယာယီတိမ်းရှောင်၍ မြစ်ကြီးနားမြို့ပေါ်နှင့် ဝိုင်းမော်မြို့တို့တွင် ယာယီတိမ်းရှောင် နေထိုင်လျက်ရှိသော စခန်းပေါင်း ၂၀ တို့မှ အိမ်ထောင်စု ၁၃၂၂ စုအတွက် ဆန် ၂၄ ပြည်အိတ် ၁၃၂၂ အိတ်ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)