မိုးလေမလွတ်ကင်း ဝိုင်းဝန်းဖေးမကူညီ

mdn

နေပြည်တော် ၈ နိုဝင်ဘာ

 

ရာသီကာလအားဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ ပွင့်လင်းရာသီ ဆိုသော်လည်း မိုးလေမကင်းဘဲရှိနေသေးသည်။ မိုးလေမကင်းရသည့် အကြောင်းတွင် လက်ရှိဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်နှင့် ဆက်စပ်ပေသည်။ အဆိုပါ မုန်တိုင်းငယ်သည် နောက်ရက်အတွင်း နိုဝင်ဘာ ၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။

 

အဆိုပါမုန်တိုင်း၏လားရာမှာ လက်ရှိတွင် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားဖွယ်ရာမရှိနိုင်သော်လည်း ခန့်မှန်းရမလွယ် ကူသည့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် သတိပြုနေထိုင်ကြရမည်ဖြစ်သည်။ အကယ်၍ ဆိုင်ကလုန်း ပုန်းမုန်တိုင်း မြန်မာနိုင်ငံဘက်သို့ ဦးတည်လျှင်လည်း မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုတွင် နှစ်ရက်ခန့် မိုးဆက်လက် ရွာမည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနမှ အသိပေးထားသည်။

 

ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုသည် အစဉ်အမြဲဖြစ်ပေါ်နေသည်။ ယနေ့ ရွာသွန်းနေသောမိုးမှာ ရာသီဥတု ပြောင်းလဲမှု ကြောင့်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ရှိ ယခုဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပစိဖိတ် သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေ ဖြင့် ဝါလကင်းလွတ်သည့် အချိန်အခါ၌ မိုးလေကင်းစင်ပြီဖြစ်၍ စပါးကောက်နှံများ ရိတ်သိမ်းခြွေလေ့ ရောင်းချရမည့် အချိန်တွင် ယခုအဖျက်မိုးကို သတိပြုရမည်ဖြစ်သည်။

 

ယခင်က အနောက်တောင်မုတ်သုံလေဆုတ်ခွာလျှင် မိုးရွာသွန်းမှုကိစ္စ ပြီးဆုံးသည်။ ယခုဤသို့မဟုတ်ပြီ။ အချိန်အခါမဟုတ် ရွာသောမိုး၊ တောင်သူလယ်သမားများအတွက် အဖျက်မိုးကို မည်သို့မည်ပုံရင်ဆိုင် မည်ကို စီစဉ်ကြရမည်ဖြစ်သည်။ အမှန်တွင် မိုးလေကင်းသောကာလ ဖြစ်သော်လည်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကာလများ၌ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ သုံး၊ လေးကြိမ်ဖြစ်လေ့ရှိသည်။ အပူပိုင်းမုန်တိုင်း သဘောဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်တတ်၊ အကျိုး သက်ရောက်တတ်သည်။

 

မြန်မာနိုင်ငံ မိုးလေဝသသမိုင်းတွင် မုန်တိုင်းနှင့်ပတ်သက်၍ မိုးတွင်းကာလ၊ မိုးလွန်ကာလတို့၌ မုန်တိုင်း အရေ အတွက်မှာ တစ်ဝက်စီခန့်ရှိသည်။ မိုးတွင်းကာလတွင် မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံဖြစ်ပြီး မိုးသီသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်တတ်သည်။ မိုးလွန်ကာလတွင် အခါမဟုတ်ရွာသွန်းသည့် အဖျက်မိုးကြောင့် ဆောင်းသီးနှံ၊ နွေသီးနှံ များပျက်စီးရသည်။ ထို့ကြောင့် တောင်သူလယ်သမားများအတွက် အထူးသတိထားရမည့်အချက်မှာ သီးနှံဖျက် မိုးဖြစ်သည်။

 

မုန်တိုင်းအရှိန်ကြောင့် ရွာသွန်းတတ်သော ဖျက်မိုးအပြင် အရှေ့လေပွေလှိုင်းများကြောင့် ရွာသွန်းသော ဖျက်မိုးကိုလည်း သတိပြုရမည်ဖြစ်သည်။ ထို့အပြင် မိုးတိမ်တောင်များကြောင့်သော် လည်းကောင်း၊ ဆောင်းရှေ့ပြေး အနောက်လေ အေးများက မုတ်သုံလေနေရာတွင် အစားထိုး ဝင်ရောက်နေရာယူသောကြောင့်လည်းကောင်း တောင်သူလယ်သမား များနှင့် မိုးသည် ရန်သူ၊ မိတ်ဖက် ဖြစ်နေပေသည်။ တောင်သူနှင့်မိုးမှာ အစဉ်လုံးဖက်နေရသည်။ မိုးကြောင့် အကျိုးရှိသလို မိုးကြောင့် အကျိုးယုတ်မှုများကို အစဉ်ဆန်းစစ်ရှာနေရမည် ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ်ရွာသွန်းသော မိုးကြောင့် တောင်သူလယ်သမားများသာမက စားနပ်ရိက္ခာဖွေရှာသော သူများအတွက်အခက်ကြံစေနိုင်ပါသည်။ အထူးသဖြင့်ထိခိုက်မှုအများဆုံးမှာ တောင်သူ တောင်သူလယ်သမားများဖြစ်၍ တောင်သူလယ်သမားများ ကူညီထောက်ပံ့ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရ မည်ဖြစ်သည်။ တိုင်းပြည်နှင့် လူထု၏ ကျေးဇူးရှင်ဖြစ်သည့် တောင်သူလယ်သမားများ နစ်နာမှုလျော့ပါးရေးကို ပံ့ပိုးဖြည့်ဆည်းပေးကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ မိုးလွန်ကာလ အချိန်အခါမဟုတ် ရွာသွန်းဖြိုးသော မိုးအမျိုးမျိုး တို့ကြောင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝထိခိုက်နစ်နာမှု လျော့နည်းစေရေးအတွက် မိုးမရွာသွန်းမီ အမိုးအကာအောက် ရောက်ရှိရေး၊ မိုးရွာ သွန်းလျှင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ ထိခိုက်နစ်နာမှုရှိလျှင် ကူညီထောက်ပံ့ဖြည့်ဆည်း ပေးနိုင်ရေးအတွက် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြ ပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည် ။

 

ကြေးမုံ