နေပြည်တော် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ အသုံးချသုတေသနနှင့် ဆိတ်မျိုးထိန်းမျိုးပွားခြံ (သဖန်းခြံ) ၌ ဒေသသိုး၊ ဆိတ်မျိုးရင်းများ ထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်မျိုးပွားဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုကောင်းမွန်သော ဆိတ်နှင့်သိုးများ မွေးမြူထုတ်လုပ်နိုင်ရန်နှင့် မျိုးမြှင့်တင်ခြင်းကို အထူးကြိုးစားဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ဆူးဖြူကွက်ကျေးရွာမှ ဆိတ်မွေးမြူသူ တောင်သူများနှင့်တွေ့ဆုံပြီး ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ဆိတ်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ပြည်တွင်းအစာကုန်ကြမ်း အခြေခံတိရစ္ဆာန်အစာ အသုံးပြုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ခရီးစဉ်အတွင်း ပုဂ္ဂလိကဆိတ်မွေးမြူရေးခြံများကိုလည်း သွားရောက်ကြည့်ရှု အားပေးခဲ့သည့်အပြင် မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်တို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများအားသက်ဆိုင်ရာရုံးများ၌ တွေ့ဆုံကာ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ မွေးမြူရေးထွက်ကုန်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဇီဝလုံခြုံမှု အလေးထားဆောင်ရွက်ရေးနှင့် မွေးမြူရေးတိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


