မြိတ်မြို့၌ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မြိတ် ဩဂုတ် ၁၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ပုလဲဒီပါရပ်ရှိ စံပြတန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

 

အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဦးလှမြင့် က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်းက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ပြောကြား သည်။ ထို့နောက် အမှတ်(၃၅) မူးယစ်တပ်ဖွဲ့စု(မြိတ်)မှ ဒုတိယ ရဲမှူး အောင်နိုင်ဝင်းက မူးယစ်ဆေးဝါး စတင်ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆိုးကျိုးများအကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြိတ်မြို့မရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်ကျော်ကျော်ထက် က မြိတ်မြို့နယ်အတွင်း ဖြစ်ပွားသော မူးယစ်ဆေးဝါးမှုခင်းများ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် ပြစ်မှု ကျူးလွန်သူများအား အရေးယူ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားပြီး ခရိုင်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးသင်းဥက္ကဋ္ဌ ဦးဝင်းမောင်က မူးယစ်ဆေးဝါးဆန့်ကျင် ရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိဖြိုး က မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆိုင်ရာများကို ပြောကြားသည်။

 

ယင်းနောက် ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)